
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာရှိ မမြဆည်တမံ တာဘောင် နိမ့်ကျခဲ့တာကြောင့် ဆည်အောက်ပိုင်း ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်း ၁၁ ကျောင်းကို အောက်တိုဘာ ၁၂ ရက်က စတင်ပြီး ယာယီပိတ်ထားရတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ဆည်တမံနိမ့်ကျမှုကြောင့် ယာယီပိတ်ထားရတဲ့ စာသင်ကျောင်း ၁၁ ကျောင်းမှာ အခြေခံပညာအထက်တန်းကျောင်း တကျောင်း၊ တွဲဖက်အထက်တန်းကျောင်း ၂ ကျောင်းနဲ့ မူလတန်းလွန်ကျောင်း ၈ ကျောင်း ပါဝင်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဆည်တမံနိမ့်ကျပြီးနောက်ပိုင်း ဒေသခံတွေအနေနဲ့ ဘေးကင်းရာကို ရွှေ့ပြောင်းနေထိုင်ကြရပါတယ်။ ကျောင်းတွေကိုလည်း ယာယီပိတ်ထားရတဲ့အတွက် ကလေးတွေရဲ့ ပညာသင်ကြားရေးအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းတွေဟာ မျှင်ဝါးတောင်၊ ငါးဘတ်ကျ၊ မရွေးကုန်းနဲ့ လက်ပံကွင်း ကျေးရွာအုပ်စုတွေမှာရှိတဲ့ ကျောင်းတွေဖြစ်ပါတယ်။
ပညာရေးဝန်ထမ်းတယောက်က “အစိုးရရဲ့ ညွှန်ကြားချက်နဲ့ ပိတ်ထားတာပါ။ ပိတ်ထားတာ ကောင်းပါတယ်။ ဆည်ရဲ့အခြေအနေက မကောင်းသေးဘူးလေ” လို့ ပြောပါတယ်။
မျှင်ဝါးတောင်ကျေးရွာရှိ မမြဆည်တမံဟာ အောက်တိုဘာ ၉ ရက် ညပိုင်းကစတင်ပြီး တာဘောင်အရှည် ပေ ၂၀၀ လောက်မှာ မြေသားနိမ့်ကျသွားကာ ပြိုကျလုဆဲဆဲ အခြေအနေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ မမြဆည်တမံကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပရဟိတအဖွဲ့တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အရေးပေါ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေဘေးကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ရတဲ့ ဒေသခံ ပြည်သူတွေအတွက် သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး စာရင်းကောက်ယူတာတွေ ဆောင်ရွက်နေသလို ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း စနစ်တကျ ဖြန့်ဝေပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။











