DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် လက်လုပ်လက်စားကျောက်မျက်လုပ်ကွက်များ  ဒုတိယအကြိမ်ချပေး
DVB
·
August 25, 2020
ဖားကန့်တွင် လက်လုပ်လက်စားကျောက်မျက်လုပ်ကွက်များ  ဒုတိယအကြိမ်ချပေး
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ  ဖားကန့်-လုံးခင်း ရတနာနယ်မြေ ဧရိယာအတွင်းမှာ  လက်လုပ်လက်စား ကျောက်မျက်ရတနာလုပ်ကွက် ၂၈၆ ကွက်ကို ဒုတိယအကြိမ်  ချထားပေးဖို့ ဩဂုတ် ၂၄ ရက်က စတင်ပြီး လျှောက်လွှာတွေ ခေါ်ယူခဲ့တယ်လို့ ဖားကန့်မြို့နယ် လုပ်ကွက်ကြီးကြပ်ရေးနှင့်လျှောက်လွှာ စိစစ်ရေးကော်မတီထံက သိရပါတယ်။

လုပ်ကွက်လျှောက်လွှာတွေကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးအနီးက OSS (One Stop Service) ရုံးမှာ ရောင်းချပေးနေတယ်လို့ ကော်မတီတာဝန်ရှိသူ တဦးထံက ပြောပါတယ်။

အခုလို လက်လက်စား လုပ်ကွက်တွေ ချထားပေးရတာဟာ ပထမအကြိမ် ချထားပေးစဉ် လာရောက်လျှောက်ထားခြင်းမရှိဘဲ ကျန်ရှိနေတဲ့ လုပ်ကွက်တွေကို ဒုတိယအကြိမ် လျှောက်ထားဖို့ ခေါ်ယူတာလို့ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးဒါရှီလှဆိုင်းက ပြောပါတယ်။

“လုံးခင်း ဖားကန့် ရတနာနယ်မြေမှာ ပထမအကြိမ် လက်လုပ်လက်စား ကျောက်မျက်တူးဖော်ရေး လုပ်ကွက် ချပေးတုန်းက လုပ်ကွက်လျှောက်ဖို့ ကျန်တဲ့ လုပ်ကွက်ထဲက ဒုတိယအကြိမ် ပြန်ချထားပေးတာ ဖြစ်ပါတယ်။” 

လက်လုပ်လက်စား လုပ်ကွက် လျှောက်ထားရေး လျှောက်လွှာ ဝယ်ယူသူ နည်းပါးနေပြီး စိတ်ဝင်စားသူ မရှိသလောက် ဖြစ်နေတယ်လို့လည်း လျှောက်လွှာ ဝယ်ယူသူတွေထံက သိရပါတယ်။ 

လျှောက်လွှာဝယ်ယူခဲ့သူ လုံးခင်းဒေသခံ တဦးက “ဒီနေ့ ကျနော်သွားဝယ်တာ လူသိပ်မရှိဘူး။ လေး ငါး ဆယ်ဦးလောက်ပဲ ရှိတယ်”  ပြောပါတယ်။

အသေးစား လက်လုပ်လက်စား ကျောက်လုပ်ကွက်တွေဟာ ကျောက်စိမ်းထွက်ရှိမှု နည်းပါးတဲ့ ရတနာနယ်မြေ ဧရိယာပြင်ပတွေမှာ အကွက်ရိုက် ချထားပေးတာကြောင့် လျှောက်ထားသူတွေဟာ စိတ်ဝင်စားမှု မရှိဘူးလို့လည်း ဒေသခံများထံက သိရပါတယ်။

ဖားကန့်ဒေသခံ ဦးဇော်လတ်က “လက်လုပ်လက်စား လုပ်ကွက်ဆိုတာ အောက်ပိုင်းက ရောက်လာတဲ့လူတွေက ဒေသခံလိုလို ဘာလိုလိုနဲ့ လျှောက်အော်တောင်းနေလို့ အစိုးရက ချပေးရတာ။ မြေမှန်ကြောက ကုန်ပြီ။ ဒီမှာရှိတဲ့ ဒေသခံအစစ်တွေက ဘယ်သူမှ ဒံဒိုင် (သံတူရွင်း) ကိုပြီး မတူးတော့ဘူး။ လက်လုပ်လက်စား ဆိုတော့ စက်မပါဘဲ တူးလို့ ရတဲ့နေရာပဲ ချပေးလို့ ရမှာပေါ့။ ဒါပေမဲ့ ကျောက်မရှိတာတော့ ဘယ်တတ်နိုင်မှာလဲ” လို့  ပြောပါတယ်။

ဖားကန့်ရတနာ နယ်မြေမှာ ပထမအကြိမ်အဖြစ် မတ်လဆန်းပိုင်းက လက်လုပ်လက်စား ကျောက်မျက်ရတနာ လုပ်ကွက်ပေါင်း ၃၇၆ ကွက်ကို အိတ်ပိတ်တင်ဒါစနစ်နဲ့ လုပ်ကိုင်ခွင့် ချထားပေးခဲ့တာလည်း ဖြစ်ပါတယ်။ မတ်လ ၃ ရက်ရက်နေ့ကနေ ၁၃ ရက်နေ့အထိ သီတင်း နှစ်ပတ်နီးပါးလျှောက်လွှာတွေကို ခေါ်ယူခဲ့ပါတယ်။

ပထမအကြိမ် ချထားပေးဖို့ လျှောက်လွှာခေါ်ယူခဲ့စဉ်က လျှောက်လွှာဝယ်ယူသူ ၃၃၂  ဦးရှိခဲ့ပေမယ့်  အမှန်တကယ် လုပ်ကွက်လျှောက်ထားသူ ၁၄၁ ဦးသာ ရှိခဲ့တယ်လို့ ဖားကန့်မြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာန လူမှုကွန်ယက်စာမျက်နှာ IPRD Hpakant မှာ ဖော်ပြပါတယ်။

ပထမအကြိမ်က လက်လုပ်လက်စား ကျောက်မျက်ရတနာလုပ်ကွက်တွေကို မှော်ပေါင်း ၁၅ မှော်မှာ မြေဧကပေါင်း ၉၈၈၄ ဧကကို အကွက်ရိုက် ချထားပေးခဲ့ပါတယ်။

လက်လုပ်လက်စား ကျောက်မျက်လုပ်ကွက် လျှောက်ထားလိုသူတွေဟာ မော်ဝမ်းရပ်ကွက်ရှိ OSS (One Stop Service) ရုံးမှာ လျှောက်လွှာ ရယူလျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။

လက်လုပ်လက်စားလုပ်ကွက်တွေကို နမ္မဖြစ်ဧရိယာမှာ ၂၉၀ ဧက၊ မရှီကထောင်ရပ်ကွက် ဂျန်ခပ်ဧရိယာမှာ ၂၇၅ ဧကနဲ့ တာမခန်၊ ဟောင်ပါးဒေသက ၁၂ မှော်မှာ ၉၈၈၄ ဧကကို အကွက်ရိုက်ချထားပေးမယ်လို့လည်း ဆိုပါတယ်။

လက်လုပ်လက်စားတွေကို ချထားပေးဖို့ လျာထား လုပ်ကွက် စုစုပေါင်း ၁၀၄၄၉ ဧက ရှိရာမှာ လွတ်ကင်းတဲ့ လုပ်ကွက်ပေါင်း ၃၇၆ ကွက်ကိုသာ ချထားပေးမယ်လို့ ဖားကန့်မြို့နယ် မြို့နယ်လုပ်ကွက် ကြီးကြပ်ရေးနှင့် လျှောက်လွှာစိစစ်ရေးအဖွဲ့၊ မြို့နယ်ကွင်းဆင်း တိုင်းတာ စိစစ်ရေးအဖွဲ့ခေါင်းဆောင် ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ပြောပါတယ်။

လုပ်ကွက်တွေကို ချထားပေးရာမှာ တစ်ကွက်ကို  တစ်ဧကနှုန်းနဲ့ ချထားပေးမယ်လို့လည်း ပြောပါတယ်။

လက်လုပ်လက်စားလုပ်ကွက် လျှောက်ထားလိုသူတွေအနေနဲ့ အိမ်ထောင်စုဇယားပုံစံ (၆၆/၆) အိမ်ထောင်စုစာရင်းရှိရမှာ ဖြစ်ပြီး ကချင်ပြည်နယ် မှတ်ပုံတင်(၁/) ကိုင်ဆောင် ထားသူတွေသာ  လျှောက်ထားနိုင်မယ်လို့ ကော်မတီက ဆိုပါတယ်။

အိမ်ထောင်စုဇယား ပုံစံ (၆၆/၆) တစ်စောင်ကို လုပ်ကွက်တစ်ကွက်သာ လျှောက်ထားခွင့်ရှိပြီး အိတ်ပိတ်တင်ဒါ စနစ်အရ လုပ်ငန်းလုပ်ကိုင်ဖို့၊ လုပ်ကွက်တူညီမှုရှိရင် အခြေခံသတ်မှတ်ဈေးနှုန်း ထက် စဘော်ငွေပိုတင်ထားသူက အသာရမယ့် ပုံစံမျိုး ချထားပေးသွားမယ်လို့လည်း ဆိုပါတယ်။

လက်လုပ်လက်စား လုပ်ကွက်တစ်ဧက လျှောက်ထားမယ်ဆိုရင် ပြည်နယ်အစိုးရအဖွဲ့ကို အခြေခံစဘော်ငွေကျပ် ၅၀ဝ၀ဝ၀ နဲ့ မှတ်ပုံတင်ကြေး ကျပ် ၃၀ဝ၀ ၊ လျှောက်လွှာ တစ်စောင်လျှင် ကျပ် ၁၀ဝ၀ ၊ ကွင်းဆင်း စစ်ဆေးခကျပ် ၅၀ဝ၀ဝ၊ CSR (ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ) ကျပ် ၁၀ဝ၀ဝ၀ စုစုပေါင်း လုပ်ငန်းလုပ်ကိုင်နိုင်ဖို့  ငွေကျပ် ၆၅၄၀ဝ၀  ပေးသွင်းရမှာ ဖြစ်ပါတယ်။ 

လျှောက်ထားတဲ့ လုပ်ကွက်တွေကို လုပ်ကိုင် ခွင့်ပြုတဲ့ တစ်နှစ်အတွင်း လေးပင်စနစ်၊ ကိုးပင်စနစ်၊ တွင်းလုံးစနစ်၊ မျောစနစ်၊ အင်းဗြဲစနစ်နဲ့ လူလက်ကြား စနစ်တို့ကို ရေစုပ်စက်၊ လေပေးစက်၊ မီးစက်၊ ကျောက်ဖောက်စက်နဲ့ ဗြုံးခါစက်တွေ အသုံးပြု လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

လက်လုပ်လက်စား လုပ်ကွက်လျှောက်ထားလိုသူတွေအနေနဲ့ သတ်မှတ်ပုံစံအတိုင်း လျှောက်လွှာဖြည့်သွင်းပြီးရင် ကချင်ပြည်နယ် အစိုးရအဖွဲ့ ကျောက်မျက်ရတနာ လုပ်ကွက်စိစစ် ချထားပေးရေးအဖွဲ့က သတ်မှတ်ချက်တွေနှင့်အညီ စိစစ်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

သတင်း- ဇော်မိုးထက် (ဖားကန့်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013