
ရခိုင်ပြည်နယ်၊ စစ်တွေမှာ ကျောက်စရစ်သွင်းပြီး ကျောက်ဖြူမြို့နယ် ကပိုင်ချောင်းကျေးရွာ ပြန်လာသူ ၂၃ ဦး ကို ဆေးစစ်မှုတွေ လုပ်ဆောင်ပြီး ပညာရေးကောလိပ်ခြံဝင်းရှိ Facility Quarantine စင်တာကို ပို့ဆောင်ထားတယ်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ဒီဗွီဘီကို ပြောပါတယ်။
“သူတို့က ကပိုင်ချောင်းကပေါ့၊ စစ်တွေကိုကျောက်သွားချ ကြတာ၊ အဲဒီမှာအကြာကြီးနေခဲ့တာတော့ မဟုတ်ဘူးပေါ့။ စစ်တွေမှာလည်း Stay Home ဖြစ်တယ်၊ အဲဒါကြောင့် သူတို့ ရောက်ကြောင်းကို အုပ်ချုပ်ရေးမှူးဆီကို ဖုန်းဆက်လာတယ်။ ကျနော်တို့ကလည်း စစ်တွေပြန်လာတဲေသူတွေရှိလို့ရှိရင် သတင်းပို့ဖို့ အုပ်ချုပ်ရေးမှူးတွေကို ပြောထားတယ။ အဲဒါကြောင့် အုပ်ချုပ်ရေးမှူးက ကျနော်တို့ဆီကို လှမ်းပြောလို့ သူတို့ကိုခေါ်ပြီးတော့ ဆေးရုံကိုပို့တယ်။ ပြီးရင်သူတို့ကို FQ ထည့်လိုက်တယ်။ စက်လှေတွေကိုတော့ ဆေးဖြန်းပြီးတော့ ရွာကိုပြန်ယူသွားကြတယ်၊ အကုန်လုံးကတော့ ၂၃ ယောက်ပေါ့။”
ကျောက်ဖြူမြို့ ပညာရေးကောလိပ်ခြံဝင်းမှာ Facility Quarantine စင်တာ ၃ ခုရှိပြီး စစ်တွေမြို့ကပြန်လာသူ ၄၇ ဦး၊ နိုင်ငံခြားမှပြန်လည်ဝင်ရောက်လာသူ ၂၁ ဦး စုစုပေါင်း ၆၈ ဦးကို အသွားအလာကန့်သတ်စောင့် ကြည့်ထားတယ်လို့ ဆိုပါတယ်။
ပညာရေးခြံဝင်းအတွင်း Facility Quarantine ထားရှိတဲ့သူတွေဟာ မိမိအစီအစဉ်နဲ့ စားသောက်ရမယ်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။











