DVB Logo
Home
မြန်မာသတင်း
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး လူပေါင်း ၅ သိန်းခန့်ကို ထိုးနှံပေးမည်
DVB
·
August 22, 2020
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး လူပေါင်း ၅ သိန်းခန့်ကို ထိုးနှံပေးမည်
Donate to DVB

အမျိုးသမီးတွေမှာဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအတွက် လူတယောက်စီကို ၉ ဒေါ်လာကုန်ကျပြီး လူပေါင်း ၅ သိန်းလောက်ကို ထိုးနှံပေးဖို့ ရည်မှန်းထားတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (အိတ်ချ်ပီဗီ) ကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ထည့်သွင်းလိုက်ပြီး လာမယ့် စက်တင်ဘာ ၂၀ ရက်ကစလို့ စတင် ထိုးနှံပေးတော့မှာ ဖြစ်ပါတယ်။

အိတ်ချ်ပီဗီကာကွယ်ဆေး တကြိမ်စာအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဒေါ်လာ ကုန်ကျပြီး ၂ ကြိမ်ထိုးနှံရမှာဖြစ်လို့ မိန်းကလေးငယ်တယောက်အတွက် ၉ ဒေါ်လာ ကုန်ကျတယ်လို့ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက မနေ့ကလုပ်တဲ့ အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထိုးနှံတဲ့လုပ်ငန်း ဗဟိုအဆင့် အသိပေးဆွေးနွေးပွဲမှာ ပြောပါတယ်။

အသက် ၉ နှစ်ကနေ ၁၀ နှစ်အရွယ် ပိုးစတင် မကူးစက်နိုင်သေးတဲ့ မိန်းကလေးကို ထိုးနှံပေးမှာဖြစ်ပြီး တနိုင်ငံလုံးမှာ အဲဒီအရွယ် မိန်းကလေးငယ် ၄၆၄,၀၀၀ ကျော်ရှိနိုင်မယ်လို့ ရည်မှန်းထားကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

လာမယ့်စက်တင်ဘာမှာ ကျောင်းအခြေပြု အစီအစဉ်နဲ့ ထိုးနှံပေးမှာဖြစ်ပြီး အောက်တိုဘာမှာတော့ ပြည်သူလူထုအခြေပြု အစီအစဉ်နဲ့ထိုးနှံပေးမှာ ဖြစ်ပါတယ်။ တကြိမ်နဲ့ တကြိမ်ကိုတော့ ၁၂ လစီခြားပြီး ထိုးနှံပေးမှာ ဖြစ်ပါတယ်။

ရန်ကုန်က ရပ်ကွက်တချို့မှာတော့ အသက် ၉ နှစ်ကနေ ၁၀ နှစ်အရွယ် မိန်းကလေးတွေ စာရင်းလာပေးကြဖို့အတွက် လမ်းတွေမှာ လိုက်လံနှိုးဆော်နေတာကို တွေ့ရပါတယ်။

သားအိမ်ခေါင်းကင်ဆာဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေမှာ ဖြစ်ပွားတဲ့ ကင်ဆာအမျိုးအစား အားလုံးရဲ့ လေးပုံတပုံလောက် (၂၃ ဒသမ ၅ ရာခိုင်နှုန်း) ရှိပြီး အသက် ၁၅ နှစ်ကနေ ၄၉ နှစ် အရွယ် အမျိုးသမီးတွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။

ဒီကာကွယ်ဆေးဟာ အိတ်ချ်ပီဗီဗိုင်းရပ်စ်ပိုး အမျိုးအစား ၄ မျိုးကို ကာကွယ်ပေးနိုင်ပြီး ဘေးထွက်ဆိုးကျိုးအင်မတန်နည်းတဲ့ ၄ မျိုးစပ်ကာကွယ်ဆေးဖြစ်ပြီး ထိုးနှံနိုင်ဖို့အတွက် Gavi အဖွဲ့ကထောက်ပံ့တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတခုအနေနဲ့ ၁၀၈ နိုင်ငံမြောက် အိတ်ချ်ပီဗီထိုးနှံတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာတော့ ၁၃ ခုမြောက် ကာကွယ်ဆေးဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်သူအားလုံးရဲ့ ၉၉ ရာခိုင်နှုန်းဟာ လိင်ကတဆင့် ကူးစက်တတ်တဲ့ အိတ်ချ်ပီဗီဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာနဲ့ ဆက်နွယ်နေပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနောက်မှာ ပုံမှန်ကိုယ်ခံအားရှိတဲ့ အမျိုးသမီးတွေမှာတော့ ၁၅ နှစ်ကနေ နှစ် ၂၀ လောက်ကြာတဲ့အခါ သားအိမ်ခေါင်းကင်ဆာ ဖြစ်လာတတ်တာပါ။

ဒါကြောင့် ကာကွယ်ဆေးထိုးပြီးပေမယ့် အသက် ၃၀ ကနေ ၄၉ နှစ်အရွယ် အမျိုးသမီး အားလုံးဟာ သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးတာအဖြစ် သားအိမ်ခေါင်း အချွဲအမြှေးကိုယူပြီး စစ်ဆေးတာကို ပုံမှန်ဆက်လုပ်သွားဖို့ လိုပါတယ်။

လက်ရှိအစိုးရလက်ထက် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး (ပီစီဗီ)၊ ဂျပန်ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေး(ရိုတာ )တို့ကို ထည့်သွင်းထိုးနှံပေးလာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013