DVB Logo
Home
မြန်မာသတင်း
ကျောင်းများကို ကိုဗစ်-၁၉ ကာကွယ်ရေး စစ်ဆေးသည့်အချက်များ လျှော့ချပြုပြင်ရန် ဝန်ကြီးပြော
DVB
·
August 21, 2020
ကျောင်းများကို ကိုဗစ်-၁၉ ကာကွယ်ရေး စစ်ဆေးသည့်အချက်များ လျှော့ချပြုပြင်ရန် ဝန်ကြီးပြော
Donate to DVB

ကျောင်းတွေကို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် စစ်ဆေးအကဲဖြတ်တဲ့ အချက်တွေကိုလျှော့ချဖို့ ကျန်းမာရေးနဲ့ အားကစားပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

မနေ့က နေပြည်တော်မှာလုပ်တဲ့ ပြုလုပ်ခဲ့တဲ့ ကျောင်းတွေပြန်လည်ဖွင့်လှစ်ချိန်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး နည်းပညာ ပံ့ပိုးမှုကော်မတီအစည်းအဝေးမှာ ပြောခဲ့တာပါ။

အချက် ၈၀ ပါဝင်တဲ့ ဆန်းစစ်အကဲဖြတ်တဲ့ပုံစံတွေကို ပြန်သုံးသပ် အရေအတွက်လျှော့ချပြီး အရေးကြီးတဲ့အချက်တွေပဲပါဝင်တဲ့ ပုံစံသစ်ကို ပြုပြင်စေလိုတယ်လို့ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

အခြေခံပညာအထက်တန်းကျောင်းတွေ ပြန်ဖွင့်လှစ်တဲ့ ၁ လ ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်တာ မတွေ့ရသေးပေမယ့် ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းပြုစုထားတဲ့ ဆန်းစစ်အကဲဖြတ်မှုပုံစံ (checklist) ကို အသုံးပြုပြီး စောင့်ကြည့်ဆန်းစစ်တာကို အရှိန်အဟုန်မပျက် ဆက်လုပ်ရမယ်လို့ လည်း ပြောပါတယ်။

စောင့်ကြည့်ဆန်းစစ်တာကို ပိုင်ပိုင်နိုင်နိုင်သေသေချာချာလုပ်နိုင်မှပဲ ရောဂါလက္ခဏာရှိတဲ့ ကျောင်းသားကျောင်းသူတွေကို စောစောစီးစီး ရှာဖွေဖော်ထုတ်နိုင်မှာဖြစ်ပြီး ဒီအချိန်မှာ စောင့်ကြည့်ဆန်းစစ်တာဟာ အဓိက လုပ်ငန်းဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

အထွေထွေအုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသအာဏာပိုင်တွေ၊ အခြေခံပညာဦးစီးဌာနဲ့ မိဘဆရာအသင်းတွေပါတဲ့ ပူးပေါင်းအဖွဲ့တွေက အထက်တန်းကျောင်းတွေ ကို အကဲဖြတ်ဆန်းစစ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကစလို့  ကိုဗစ်-၁၉ ကာကွယ်ရေး အချက်အလက်ပြည့်စုံတဲ့ အထက်တန်းကျောင်း ၃၉၉၉ ကျောင်းကို စတင်ဖွင့်လှစ်ခဲ့တာပါ။

စစ်ဆေးပြီးတဲ့အခါ အဆင်သင့်ဖြစ်တဲ့ အေအဆင့်ကျောင်း၊ ဖြည့်ဆည်းဖို့လိုတဲ့ ဘီအဆင့် ကျောင်းနဲ့ ဖြည့်ဆည်းဖို့ အထူးလိုအပ်တဲ့ စီအဆင့်ကျောင်းလို့ ခွဲခြားပြီး ကျန်းမာရေး၊ ပညာရေးနဲ့ အထွေထွေ အုပ်ချုပ်ရေးတို့က တာဝန်ယူလက်မှတ်ရေးထိုးပြီး တိုင်းနဲ့ပြည်နယ်အလိုက် ဗဟိုအဆင့်ကို ပေးပို့နေတာဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးလို လူဦးရေထူထပ်တဲ့နေရာတွေက ကျောင်းတွေ ရောဂါကူးစက်မှု အန္တရာယ် ပိုများနိုင်တယ်ဆိုတာကို သတိပြုဖို့ လိုသလို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာလည်း ကူးစက်တာများနေတဲ့အချိန်ဖြစ်လို့ နီးစပ်တဲ့ တိုင်းနဲ့ပြည်နယ်က ကျောင်းတွေမှာ အထူး ပိုပြီး ဂရုစိုက်ဖို့ လိုတယ်လို့လည်း ဝန်ကြီးက သတိပေးပါတယ်။

ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လေ့လာချက်အရ ကိုရိုနာဗိုင်းရပ်စ် နမူနာတွေရဲ့ သုံးပုံတပုံလောက်မှာ ကူးစက်နှုန်းမြန်တဲ့ မျိုးဗီဇပြောင်းလဲတာကိုတွေ့ထားရပြီး မြန်မာနိုင်ငံမှာ လည်း စစ်ဆေးတဲ့ နမူနာ ၁၀ ခုမှာ ၆ ခုဟာ D614G ဗီဇပြောင်းလဲတာတွေ့ရလို့ ဒုတိယလှိုင်းအသွင်ဖြစ်ပွားဖို့ အလားအလာရှိတာကြောင့် လုံးဝ ပေါ့ဆလို့မရဘူးလို့လည်း ပြောပါတယ်။

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကလည်း ဖွင့်လှစ်ဖို့ကျန်နေတဲ့ အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၆၁၀ ကို စစ်ဆေးနေသလို ကြီးကြပ်ဆန်းစစ်တွေ့ရှိချက်တွေအရ လိုအပ်ချက်တွေကို ပညာရေးဝန်ကြီးဌာနမှ အမြန် ဖြည့်ဆည်းပေးမှာဖြစ်ပြီး ရောဂါကူးစက်မှု အခြေအနေပေါ်မူတည်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုအတိုင်း တချို့ကျောင်းများဖွင့်လှစ်တာကို ခဏဆိုင်းငံ့သွားမယ်လို့ ပြောပါတယ်။

ပြီးတော့ ပညာရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်တွေ ပါဝင်တဲ့အဖွဲ့ ၃ ဖွဲ့နဲ့ တိုင်းနဲ့ ပြည်နယ်က ကျောင်းတွေမှာ နေ့တိုင်း စောင့်ကြည့် စစ်ဆေးနေသလို ရန်ကုန်နဲ့ နေပြည်တော်က ကျောင်းတွေမှာ ရိုက်ကူးရေးအဖွဲ့တွေနဲ့ နေ့စဉ်မှတ်တမ်းတင်ထားတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013