DVB Logo
Home
မြန်မာသတင်း
ပုသိမ်က အကြီးဆုံးလောင်းကစားဝိုင်းကို ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဝင်ဖမ်း၊ ရဲ ၁ ဦးအပါအဝင် ၃၄ ဦး ဖမ်းမိ
DVB
·
August 21, 2020
ပုသိမ်က အကြီးဆုံးလောင်းကစားဝိုင်းကို ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဝင်ဖမ်း၊ ရဲ ၁ ဦးအပါအဝင် ၃၄ ဦး ဖမ်းမိ
1 / 6
Donate to DVB

ဧရာတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ရွေးဗိုလ်တပ်အတွင်းလမ်းမှာ သြဂုတ် ၂၀ ရက်နေ့ ညနေပိုင်းက ဂျင်လောင်းကစားဝိုင်းပြုလုပ်နေတဲ့နေအိမ်ကို တိုင်းရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဂျင်လောင်းကစားဝိုင်းဖမ်းဆီးချိန်မှာ လောင်းကြေးငွေ သိန်း ၆၈ သိန်းကျော်နဲ့အတူ နေအိမ်ပိုင်ရှင် ဦးတိုးမင်းအောင်အပါအဝင် အမျိုးသား ၂၈ ဦးနဲ့ အမျိုးသမီး ၅ ဦး စုစုပေါင်း ၃၃ ဦးကို လောင်းကစားပြုလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ပုသိမ်မြို့နယ်မြေရဲစခန်းမှူး ရဲအုပ် ထွန်းထွန်းဝင်းက DVB ကိုပြောပါတယ်။

"တိုင်းရဲတပ်ဖွဲ့မှူးရဲ့ ကြီးကြပ်မှုနဲ့ တိုင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ နေအိမ်အောက်ထပ်မှာ လူ ၃၀ လောက် လောင်းကစားပြုလုပ်နေတာနဲ့ အပေါ်ထပ်မှာ ကွန်ပျူတာ အသုံးပြုပြီး နှစ်လုံးထီလောင်းကစားပြုလုပ်နေတာတွေကို ဖမ်းမိခဲ့ပါတယ်" လို့ ပြောပါတယ်။

လောင်းကစားဝိုင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ ၃၃ ဦးကို ပုသိမ်နယ်မြေရဲစခန်းမှာ (ပ) ၃၉၇/၂၀၂၀  လောင်းကစားဥပဒေပုဒ်မ ၁၆ ၊ ၁၇ တို့နဲ့ အမှုဖွင့်ထားပြီး နှစ်လုံးထီလောင်းကစားပြုလုပ်သူ တိုးမင်းအောင်ကို (ပ)၃၉၈/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၈ (က) အရ အရေးယူထားတယ်လို့ ဆိုပါတယ်။

ဒါပြင် လောင်းကစား ဝင်ရောက်ဖမ်းဆီးချိန် နေအိမ်မှာတွေ့ရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက DVB ကိုပြောပါတယ်။

"ပတ်သက်ရင်တော့ စစ်ဆေးရမှာပေါ့၊ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတုန်းပါ။ လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်၊ အသေးစိတ်ကိုတော့ ပြောလို့ မရသေးဘူး" လို့ ပြောပါတယ်။

အမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခံနေရတဲ့သူက ပုသိမ်နယ်မြေရဲစခန်းရဲ့ အုပ်ချုပ်မှုအောက်က တပ်ဖွဲ့ဝင်မဟုတ်ဘဲ ရေကြည်ဦး ရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင်သာဖြစ်တယ်လို့ ပုသိမ်နယ်မြေရဲစခန်းမှူးက DVB ကိုပြောပါတယ်။

ပုသိမ်မြို့မှာ တိုင်းရဲတပ်ဖွဲ့မှူးကိုယ်တိုင် အကြီးမားဆုံးလောင်းကစားဝိုင်းကို ပထမဆုံးအကြိမ် ဖမ်းမိခဲ့တာဖြစ်ပြီး အမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ ဝင် ၁ ဦးကို ဖမ်းဆီးစစ်ဆေးတာလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မင်းထက်မုန်း (ပုသိမ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013