DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီက ကယားပြည်နယ် မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်
DVB
·
August 20, 2020
ကြံ့ခိုင်ရေးပါတီက ကယားပြည်နယ် မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်
1 / 5
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ကယားပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့  ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။

အရင်ဘောလခဲမြို့နယ်မှာ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းကတော့ ဘောလခဲမှာပဲ ဆက်လက်ဝင်ပြိုင်မယ်လို့ ပြည်ခိုင်ဖြိုးပါတီ ကယားပြည်နယ်အလုပ်အမှုအဆောင် ဦးတင်ဦးက ပြောပါတယ်။

“ဦးစိုးသိန်းကတော့ ပြီးခဲ့တဲ့ ၂၀၁၅ မှာ တသီးပုဂ္ဂလအနေနဲ့ ဘောလခဲမြို့နယ်မှာ ဝင်ရောက်ယှဉ်ပိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။ သို့သော်လည်း ၂၀၁၅ အလွန်ပါတီညီလာခံမှာ ပြန်ပြီးမှ ရွေးချယ်စိစစ်တဲ့အခါမှာ ဦးစိုးသိန်းက ဗဟိုအတိုင်ပင်ခံရာထူးကို ကျနော်တို့ ပေးထားတာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းရာထားတဲ့ နေရာမှာလည်း ပြည်သူတွေရဲ့ တောင်းဆိုမှု၊ ပြည်သူတွေရဲ့လိုလားမှုအရ ဦးစိုးသိန်းကို ဘောလခဲမြို့နယ်က မဲဆန္ဒရှင်များက ပြန်လည်တောင်းဆို လာတဲ့အတွက် ကျနော်တို့ကိုယ်စားလှယ်လောင်းထဲ ပြန်ထည့်လိုက်တာ ဖြစ်ပါတယ်။” 

ဦးစိုးသိန်းကို ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်ရှိဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနဲ့ ယှဉ်ပြိုင်ဖို့ အရင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရွေးချယ်ခံခဲ့ရတဲ့ ဦးနှင်းဝေကို ဝင်ရောက်ယှဉ်ပြိုင်စေ မ ယ်လို့ ပြောပါတယ်။

ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီး ၅ ဦးသာ ပါဝင်ပြီး ကိုယ်စားလှယ်လောင်းတွေဟာ  အတွေ့အကြုံရှိတဲ့သူတွေကိုသာ ရွေးချယ်ထားကြောင်း ဦးတင်ဦးက ပြောပါတယ်။

“အမျိုးသမီးကတော့ ၅ ဦးပါပါတယ်။ လူငယ်ကတော့ ပြောမယ်ဆိုရင်တော့ နည်းတော့ နည်းသေးတာပေါ့။ နည်းသေးတယ်ဆိုတာ ပြည်နယ်အနေနဲ့ပြန်ပြီး ကြည့်မယ်ဆိုရင် ကျနော်တို့ ပါတီမှာ ဝင်ပြီးမှ တာဝန်ယူနေတဲ့ မြို့နယ်ရှိတယ်၊ ခရိုင်ရှိတယ်၊ ပြည်နယ်ရှိတယ်။ အဲဒီမှာ အလားအလာရှိတဲ့လူငယ်လေးတွေကို ကျနော်တို့ နေရာပေးပါတယ်။ သို့သော်လည်း သူ့တို့တွေကို လောလောဆယ်မှာ ယုံကြည်မှု နည်းနည်းအားနည်းသေးတဲ့အတွက် နောက်နောင်မှသာလျှင် ရွေးချယ်ခံမယ်။ လက်ရှိကတော့ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေသာ ၂၀၁၀၊ ၂၀၁၅ အတွေ့အကြုံရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုသာ ကျနော်တို့ ပြန်လည်ရွေးချယ်တာဖြစ်ပါတယ်။”

လက်ရှိ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အတွေအရ လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်မှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ မကြာခင်လာမယ့် စက်တင်ဘာ ၈ ရက်နေ့ကနေပြီးမှ နိုဝင်ဘာ ၆ ရက်နေ့အထိ စည်းရုံးရေးကာလပေါ့လေ။ အဲဒီကာလမှာလည်း ကျနော်တို့ပါတီအချင်းချင်း သဘောတူညီထားတဲ့ code of conduct အဲဒါရှိတယ်။ ပြီးရင်ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေ နည်းဥပဒေတွေရှိတယ်။ အဲဒီအတိုင်းအတာအတိုင်း ကျနော်တို့ကို ခွင့်ပြုမယ်ဆိုရင် ကျနော်တို့ သိပ်ပြဿနာ မရှိဘူးပေါ့။ သို့သော် သူတို့ကန့်သတ်ချက်တွေ ဘယ်လိုထပ်လာမလဲ၊ ကိုဗစ်-၁၉ ဖြစ်ပေါ်နေတဲ့ အနေအထားအပေါ် ဒါအကြောင်းပြချက်လို့ ပြောရင်လည်း မဟုတ်သေးဘူးပေါ့နော်။ တဖက်ကလည်း သူတို့ထုတ်တဲ့အမိန့်တွေက တဖက်သတ်ဖြစ်နေတယ်။ အဲဒီအတွက် ကျနော်တို့ စိုးရိမ်စိတ်ရှိတာပေါ့။ ပွင့်ပွင်းလင်းလင်းပြောမယ်ဆိုရင် ဒီအချိန်မှာ ပြည်သူလူထုနဲ့တွေ့ရမယ့်အချိန်။ သူတို့ညွန်ကြားတဲ့အတိုင်း ကော်မရှင်ကိုတင်ရမယ်။ အများပိုင်တဲ့နေရာမှာ စည်းရုံးရေး လုပ်မယ် ဆိုရင် ငြိမ်းစုစည်နဲ့တင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေရှိတယ်။ အဲဒါကိုကြည့်ရင် ကျနော်တို့ ပြည်သူတွေနဲ့ ထိတွေ့ရမယ့်အနေအထား၊ စည်းရုံးရမယ့်အနေအထားမှာ အခက်အခဲတွေတော့ ထပ်ပြီးရှိလာမယ်လို့ မြင်ပါတယ်။ ”

ဒါ့အပြင် ပါတီအနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင်လည်း ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဖြစ်ပွားတဲ့ကိစ္စလို အကြောင်းအမျိုးမျိုးနဲ့ ပြဿနာရှာ၊ အမှုစွဲတာမျိုးဖြစ်လာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ရာနှုန်းပြည့် အနိုင်ရမယ်လို့ မျှော်မှန်းထားကြောင်းနဲ့ ရာနှုန်းပြည့်အနိုင်မရရင်တောင် ပြည်နယ်အတွက် အကျိုးပြိုမယ့် မည်သည့်ပါတီအဖွဲ့အစည်းမဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ပါတီအနိုင်ရခဲ့မယ်ဆိုရင် အဓိကအားဖြင့် ထာဝရငြိမ်းချမ်းရေးတည်ဆောင်ဖို့၊ တောင်သူလယ်သမားဘဝ မြှင့်တင်ဖို့အပြင် ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက ခန့်အပ်မယ့်အစား သက်ဆိုရာ ပြည်နယ်လွှတ်တော်မှာ ခန့်အပ်နိုင်ရေး ပုဒ်မ ၂၆၁ ကို ပြင်ဆင်ပေးမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013