
နေပြည်တော် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရှမ်းကန်အတွင်းထဲက ငါးတွေအများအပြား ရုတ်တရက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၇ ရက် မနက်ပိုင်းက စတင်ပြီး မင်္ဂလာရှမ်းကန် အတွင်းထဲက ငါးတွေ အများအပြား စတင် သေဆုံးခဲ့တာဖြစ်ပြီး နေ့လယ်ပိုင်းလောက်မှာ အကောင်ရေ သောင်းချီကာ ပိုမိုသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပျဉ်းမနားမြို့နယ် ဒေသခံတယောက်က “ငါးတွေသေဆုံးတာ အပူရှိန်ကြောင့် အောက်စီဂျင်ပြတ် သေဆုံးတာလို့ ယူဆထားပါတယ်။ မင်္ဂလာရှမ်းကန်ထဲက ငါးတွေက ဘေးမဲ့လွှတ်ထားတဲ့ ငါးတွေပါ” လို့ ပြောပါတယ်။
ငါးတွေ သေဆုံးရတဲ့ အကြောင်းအရင်းကို စနစ်တကျစစ်ဆေးဖို့ တာဝန်ရှိသူတွေက ငါးသေတွေကို သက်ဆိုင်ရာ စစ်ဆေးရေးဌာနကို ပို့ဆောင်ထားပြီး သေဆုံးသွားတဲ့ငါးတွေဟာ ငါးကြင်းဖြူနဲ့ တီလားဗီးယားငါးတွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကန်အတွင်း သေဆုံးငါးတွေကို ပျဉ်းမနားမြို့နယ် စည်ပင်သာယာရေးကော်မတီနဲ့ ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ ပူးပေါင်းပြီး သန့်စင်ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေ ပါတယ်။
မင်္ဂလာရှမ်းကန်အတွင်း သေဆုံးငါးများ။ (Photo: မိုးစေတနာပရဟိတအသင်း)










