
အီကွေဒေါရဲတပ်ဖွဲ့ဟာ နိုင်ငံမြောက်ပိုင်း ကာချီပြည်နယ်မှာ ဩဂုတ် ၁၁ ရက်က ကိုကင်း ကီလိုဂရမ် ၃၇၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မန်ချက်စတာစီးတီးအသင်းနဲ့ နော်ဝေ လက်ရွေးစင်တိုက်စစ်မှူး ဟာလန်းရဲ့ ရုပ်ပုံ ရိုက်နှိပ်ထားတဲ့ လေးထောင့်တုံးပုံစံ မူးယစ်ဆေးဝါးထုပ် ၃၇၀ နီးပါးကို ကုန်တင်ယာဉ်တစီးရဲ့ လျှို့ဝှက် အံဝှက်အတွင်း ထည့်သွင်း သယ်ဆောင်လာတာလို့ ကာချီပြည်နယ် မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာန အရာရှိ ဗိုလ်ကြီး ဟီမဲနာဆန်ဂိုကီးဇာက ပြောပါတယ်။
ပထမအဆင့် စမ်းသပ် စစ်ဆေးချက်တွေအရ ကိုကင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ခုလို စီးနင်း သိမ်းဆည်းနိုင်ခဲ့မှုကြောင့် မူးယစ်ဆေးဝါးအကြိမ်ရေ ၇ ဒသမ ၇ သန်းစာလောက် ဈေးကွက်အတွင်း မရောက်အောင် တားဆီးနိုင်ခဲ့တာမို့ ပြည်သူတွေအတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒီဖြစ်စဉ်မှာ ပြစ်မှုမှတ်တမ်းဟောင်း မရှိဘူးတဲ့ ကိုလံဘီယာ-အက်ကွေဒေါ ၂ နိုင်ငံသား အမျိုးသမီးတယောက်ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဌာနရဲ့ သတင်းအချက်အလက်တွေအရ အခု မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာ အကြီးစား စီးနင်းမှုတခုရဲ့ အစိတ်အပိုင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်မှာတင် အမေရိကန်ဒေါ်လာ ၈ သိန်းကျော် တန်ဖိုးရှိတယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters











