Homeမြန်မာသတင်း
ကြံ့ခိုင်ရေးပါတီအစိုးရဖွဲ့နိုင်ပါက အဂတိလိုက်စားမှုကို လုံးဝခွင့်လွှတ်မည်မဟုတ်ဟု ကတိပေး
ကြံ့ခိုင်ရေးပါတီအစိုးရဖွဲ့နိုင်ပါက အဂတိလိုက်စားမှုကို လုံးဝခွင့်လွှတ်မည်မဟုတ်ဟု ကတိပေး
DVB
·
August 18, 2020

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါက အဂတိလိုက်စားမှုကို လုံးဝခွင့်လွှတ်သွားမှာ မဟုတ်ဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ကတိပေးပြောကြားလိုက်ပါတယ်။
ဩဂုတ် ၁၈ ရက်က နေပြည်တော် ကြံ့ခိုင်ရေးပါတီဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့တာပါ။ ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ အစိုးရအဖွဲ့ဝင်တွေ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး သတင်းတွေထွက်ပေါ်ခဲ့သလို လက်ရှိ အန်အယ်လ်ဒီအစိုးရလက်ထက်မှာလည်း အလားတူဖြစ်ရပ်တွေ ရှိတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ကတိပေးနိုင်တာက ကျနော်တို့ တာဝန်ယူခဲ့ရရင် ကျနော်တို့ရဲ့ အဖွဲ့အစည်းထဲမှာ အဂတိတရားကို လုံးဝလက်ခံမှာ မဟုတ်ပါဘူး။ လူသားတွေဖြစ်တဲ့အတွက် အမှားအယွင်း ရှိခဲ့ရင်လည်း ဥပဒေနဲ့အညီ ထိထိရောက်ရောက်ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွား မယ်လို့ ကျနော်တို့ ဒီနေရာကနေ ကတိပေးလိုပါတယ်” လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ရေးပါတီအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့ပြီး လက်ရှိမှာ အများ ပြောနေကြသလို စစ်တပ်ပါတီ၊ သူခိုးပါတီ မဟုတ်တော့ဘူးလို့လည်း ဆိုပါတယ်။ဒါပေမဲလည်း ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ တပ်မတော်ကနေ အငြိမ်းစားယူထားသူတွေ ပါဝင်နေဆဲဖြစ်ပါတယ်။
ဒေါက်တာနန္ဒာလှမြင့်က “၁၁၂၉ ဦးမှာ ကျနော်တို့ တပ်မတော်သားအငြိမ်းစားပေါ့၊ အခုမှ အငြိမ်းစားယူတာ မဟုတ်ဘူးနော်၊ သူတို့ဘာသူတို့ အငြိမ်းစားယူပြီးမှ ပါတီကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်လိုတယ်လို့ အဆိုပြုပြီးတော့မှ သက်ဆိုင်ရာဒေသပါတီကနေ ထောက်ခံ ပြီးတော့ ရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၈၈ ဦးပါတယ်ခင်ဗျ။ ရာခိုင်နှုန်းအားဖြင့် ၇ ရာခိုင်နှုန်းလောက် ပါပါတယ်။” လို့ ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ လက်ရှိကိုယ်စားလှယ်လောင်းစာရင်းမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကနေ လတ်တလော အငြိမ်းစားယူထားသူတွေလည်း ပါဝင်နေပြီး သူတို့ကိုတော့ ပါတီရဲ့ သက်ဆိုင်ရာဒေသခံတွေက ကြိုက်နှစ်သက်တဲ့အတွက် ရွေးချယ်ခဲ့လို့ ပါဝင်လာရခြင်းဖြစ်တယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)