DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀၀ ကျော်ရှိ
DVB
·
August 18, 2020
ကယားပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀၀ ကျော်ရှိ
1 / 2
Donate to DVB

ကယားပြည်နယ်မှာ အခု ၂၀၂၀ ပြည့်နှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၁၂ ဦးရှိတယ်လို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွန်က ပြောပါတယ်။

“ဆရာတို့ကယားပြည်နယ်မှာ ၂၀၂၀  ဇန်နဝါရီလ ကနေပြီးတော့အခုလက်ရှိ ဩဂုတ်လ အထိကို စုစုပေါင်းသွေးလွန်တုပ်ကွေးရောဂါက ၂၁၂ ဦးဖြစ်တာရှိပါတယ်။ ဆေးရုံတက်ပြီး ကုသတာပေါ့။ အဲဒီ ၂၁၂ ဦးသည် ရောဂါအနေအထားအဖြစ်ပြောရမယ်ဆိုရင် ပထမအဆင့် ရောဂါအနေနဲ့က ၁၇၃ ယောက်၊ ဒုတိယအဆင့်အနေနဲ့က ၃၇ ယောက်နဲ့ တတိယအဆင့် ရောဂါအဆင့် နည်းနည်းပိုပြင်းတဲ့ တတိယအဆင့်ကတော့ ၂ ဦးပဲရှိပါတယ်။ သေဆုံးတဲ့သူ တယောက်မှ မရှိသေးပါဘူး။ ”

အခုနှစ်ရောဂါဖြစ်ပွားမှု အခြေအနေဟာ လွန်ခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ ခုနှစ်ထက်စာရင် ဖြစ်ပွားမှု ပိုများနေပေမယ့် တအားဆိုးဝါးတဲ့အခြေအနေ မရှိဘူးလို့လည်း ဒေါက်တာဌေးလွင်က ပြောပါတယ်။

ကယားပြည်နယ်ရှိ ၇ မြို့နယ်အနက် လွိုင်ကော်မြို့နယ်မှာ အဖြစ်များဆုံးဖြစ်ပြီး  ဒုတိယအများဆုံးက ဖားဆောင်းမြို့နယ်နဲ့ တတိယအများဆုံးဖြစ်တာက ဒီးမော့ဆိုမြိုနယ်ဖြစ်ပြီး လုံးဝ မဖြစ်တဲ့မြို့နယ်ကတော့ ရှားတောမြို့နယ်ဖြစ်ပါတယ်။

ကယားပြည်နယ်မှာ ပိုးကောင်တွေကနေ တဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ် နှိမ်နင်းရေးဌာန (ရ.ပ.က.န)အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်သူထက်တော့ ခုနှစ်ဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကာကွယ်တားဆီးရေးလုပ်ဆောင်ရတဲ့အပြင် သွေးလွန်တုပ်ကွေး မဖြစ်စေရေး ကြိုးပမ်းလုပ်ဆောင်ရကြောင်း ပြောပါတယ်။

“ဒီနှစ်အနေနဲ့ ကိုဗစ်-၁၉ နဲ့ သွားတိုက်နေတဲ့အခါမှာ ကိုဗစ်နဲ့သွားပြီးလူစုလူဝေးမဖြစ်အောင်၊ သွေးလွန်တုပ်ကွေးကာကွယ်ရေးတွေလည်း ထိရောက်အောင်ဆိုတဲ့အနေအထား နှစ်ခုကြားမှာ ကျနော်တို့ လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်ခဲ့ပါတယ်။ အရင်တုန်းက ဒီလိုအခြေအနေမျိုးဆိုရင် ကျနော်တို့က ကြိုတင်ပြီးတော့ ကျနော်တို့လူစုလူဝေးကြီးနဲ့ ရပ်ကွက် အလိုက်တွေ လုပ်ပါတယ်။ ဒီနှစ်ကတော့ မလုပ်နိုင်ပါဘူး။ ကျောင်းတွေမှာလည်း မလုပ်နိုင်ဘူး။ လူစုလူဝေးဖြစ်မှာစိုးလို့ တတ်နိုင်သမျှ  ကိုဗစ်-၁၉ နဲ့လည်း သေချာကာကွယ်မှုဖြစ်အောင်လုပ်ခဲ့ကြပါတယ်။ ”

ကျန်းမာရေးဌာနအနေနဲ့ ကြက်ခြေနီအဖွဲ့နဲ့ပူးပေါင်းပြီးတော့ မြို့နယ်ကျန်းမာရေး ဝန်ထမ်းတွေ (ရ.ပ.က.န) ဝန်ထမ်းတွေနဲ့ဆုံပြီးတော့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း  ပြောပါတယ်။

အခုနှစ် မေလကစပြီး  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့တာဖြစ်ပြီး အခု ဩဂုတ်လမှာ ဖြစ်ပွားမှု လျော့ကျလာတဲ့အကြောင်းနဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူတွေရဲ့ ထက်ဝက်လောက်က အသက် ၁၅ အောက်တွေဖြစ်တယ်လို့ ဒေါက်တာအောင်သူထက်က ပြောပါတယ်။

ကယားပြည်နယ်မှာ ၂၀၁၉ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၉၀ ဦးရှိခဲ့ပြီး ရောဂါဖြစ်ပွားမှု  အများဆုံးဖြစ်တဲ့  ၂၀၁၇ နှစ်တုန်းကတော့  ၁၁၀၃ ဦးနဲ့ သေဆုံးသူ ၂ ဦးရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013