လူမှုကွန်ရက်၌ ဒေါ်လာသုံးကြော်ငြာနေသည့် ပါတီများတွင် USDP ထိပ်ဆုံးက ဦးဆောင်
DVB
·
August 17, 2020

လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ အမေရိကန်ဒေါ်လာသုံးပြီး ကြော်ငြာနေတဲ့ပါတီတွေထဲမှာ ပြည်ထောင်စုကြ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ထိပ်ဆုံးကရပ်တည်နေပြီး အဲဒီနောက်မှာတော့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတို့က အစဉ်လိုက်ရပ်တည်နေပါတယ်။
ဖေ့စ်ဘွတ်ခ်ရဲ့ မူဝါဒဖြစ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ငွေကြေးသုံးစွဲ မဲဆွယ်တာတွေကို သူ့တို့ရဲ့ ကြော်ငြာပြခန်းမှာ ပြသထားတဲ့အစီအစဉ်ဟာ စပြီးအသက်ဝင်နေပါပြီ။
ဒါကြောင့် ဘယ်သူမဆို နိုင်ငံရေး ပါတီနဲ့ နိုင်ငံရေးသမားတွေရဲ့ ဒေါ်လာသုံးကြောငြာထားတာတွေကို ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ် ကြော်ငြာပြခန်းရဲ့ လက်ရှိတင်ထားတဲ့ စာရင်းဇယားတွေအရ ကြံ့ခိုင်ရေးပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာနဲ့ ကြံ့ခိုင်ရေးပါတီအမျိုးသမီးကော်မတီနဲ့ အလုပ်သမားကော်မတီ စတာတဲ့ စာမျက်နှာတွေက ဒေါ်လာ ၃၀၀၀ ကျော်အသုံးပြုထားပြီး ငွေကြေး အများဆုံးအသုံးပြုထားတဲ့ ပါတီအဖြစ်ရှိနေပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့ စာမျက်နှာနဲ့ ပါတီခေါင်းဆောင် ဒေါ်သက်သက်ခိုင်တို့ရဲ့ စာမျက်နှာတွေကတော့ ဒေါ်လာ ၃၀၀၀ နီးပါးအသုံးပြုထားပြီး ဒုတိယနေရာမှာရှိနေတာပါ။
သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ လူမှုကွန်ရက် စာမျက်နှာ၊ ပါတီခေါင်းဆောင် သူရဦးရွှေမန်းရဲ့ လူမှုကွန်ရက်စာမျက်နှာ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(ရန်ကုန်)စာမျက်နှာနဲ့ ဗဟိုကော်မတီဝင်တွေရဲ့ စာမျက်နှာတွေမှာတော့ စုစုပေါင်း ဒေါ်လာ ၂၀၀၀နီးပါး အသုံးပြုထားတာကိုတွေ့ရပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ အဲဒီလို လူမှုကွန်ရက်မှာ ငွေကြေးသုံးစွဲကြော်ငြာဖို့ မူဝါဒမချထားဘဲ အဲဒီစာမျက်နှာတွေကို ကိုင်တွယ်ဆောင်ရွက်သူတွေရဲ့ဆောင်ရွက်မှုပဲဖြစ်တယ်လို့ ပါတီတာဝန် တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ရန်ကုန်တိုင်းတာဝန်ခံ ဦးတင်မောင်ဦးကတော့ သူ့တို့ပါတီရဲ့ ကြော်ငြာမူဝါဒတွေနဲ့ပတ်သက်လို့ ဘာမှပြောဆိုဖို့မရှိဘူးလို့ ဆိုပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီခေါင်းဆောင် ဒေါ်သက်သက်ခိုင်ကတော့ သူတို့အနေနဲ့ ပါတီသစ်ဖြစ်တာနဲ့ ကိုဗစ်ကာလဖြစ်တဲ့အတွက် လူထုကြားထဲသွားဖို့ခက်ခဲတာတွေကြောင့် ပါတီမူဝါဒတွေကို လူထုသိရှိအောင် ငွေကြေးသုံးစွဲကြော်ငြာနေတာဖြစ်တယ်လို့ ပြောပါတယ်။
အာဏာရပါတီဖြစ်တဲ့ NLD ပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာနဲ့ ဒေါ်အောင်ဆန်းစုကြည်အသုံးပြုတဲ့ စာမျက်နှာတွေမှာတော့ လက်ရှိအချိန် ဒေါ်လာအသုံးပြုထားတာမတွေ့ရသလို သုံးဖို့လည်းအစီအစဉ်မရှိဘူးလို့ ပါတီဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဒီဗွီဘီကိုပြောပါတယ်။
အလားတူ ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီနဲ့ ဒီဗွီဘီက လိုက်လံကြည့်ရှုထားတဲ့ တိုင်းရင်းသားပါတီတွေမှာတော့ ငွေကြေးသုံးစွဲကြော်ငြာတာမတွေ့ရသေးပါဘူး။
ပြည်သူ့ပါတီအနေနဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလ ဖြစ်တဲ့အတွက် လာမယ့် မဲဆွယ်ကာလမှာ ငွေကြေးသုံးစွဲပြီး မဲဆွယ်ကြော်ငြာဖို့အစီအစဉ်ရှိပေမယ့် ငွေတတ်နိုင်တဲ့ပါတီကြီးတွေလိုတော့ ဒေါ်လာ အများအပြားအသုံးပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
သတင်း - ထက်ဝေအောင်