DVB Logo
Home
မြန်မာသတင်း
ထောင်ဒဏ်တစ်သက်နှစ်မစေ့ခင် ဝင်းနှင့်ဇော်တို့ လွတ်မြောက်နိုင်ဟု ရှေ့နေပြော 
DVB
·
August 17, 2020
ထောင်ဒဏ်တစ်သက်နှစ်မစေ့ခင် ဝင်းနှင့်ဇော်တို့ လွတ်မြောက်နိုင်ဟု ရှေ့နေပြော 
Donate to DVB

ထိုင်းနိုင်ငံဥပဒေအရ ထောင်ဒဏ် တစ်သက်သတ်မှတ်ချက်ဟာ နှစ်ပေါင်း ၅၀ ဖြစ်ပြီး မြန်မာလူငယ် ဝင်းနှင့်ဇော်တို့အနေနဲ့ ထောင်ထဲမှာ အခုလိုကောင်းမွန်စွာ ဆက်လက် နေထိုင်ရင် နောင်လာမယ့် လွတ်ငြိမ်းချမ်းသာခွင့်တွေမှာနှစ်မစေ့ခင် လွတ်မြောက်နိုင်တယ်လို့   ဒီအမှုမှာ တစိုက်မတ်မတ် လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။ 

“ပုဒ်မ ၁၅ အရ သေဒဏ်ကို တစ်သက်တကျွန်းဆိုပြီးတော့ လွတ်ငြိမ်းခွင့်ပေးပေမယ့် ပုဒ်မ ၁၃ မှာပါတဲ့ အချက် ၅ ချက်ပေါ်မူတည်ပြီးတော့ မငြိစွန်းမှ လွတ်ငြိမ်းချမ်းသာခွင့်ရှိတယ်ဆိုတာ ပါပါတယ်။  အဲဒီလိုအချက်တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်မခံစားဖူးသူဖြစ်ရမယ်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ၈ နှစ်အထက်ထောင်ကျသူမဖြစ်ရဘူး။ နောက်တခါ ထောင်ထဲမှာ ကောင်းကောင်း မွန်မွန်နေထိုင်သူ ဖြစ်ရမယ်၊ ပြုပြင်ပြောင်းလဲသူဖြစ်ရမယ်။ သေနတ်ဗုံးစတဲ့ ဖောက်ခွဲမှုနဲ့ မုဒိမ်းကျင့်တဲ့ ကိစ္စမျိုး မဖြစ်ရဘူးဆိုတာပါတယ်။ ထိုင်းနိုင်ငံရဲ့ တစ်သက်တစ်ကျွန်းဒဏ်ကတော့ အနှစ် ၅၀ ရှိပါတယ်။ ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်ကလည်း ၂ နှစ် ၃ နှစ်တစ်ကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်ရှိတတ်ပါတယ်။ ကလေးတွေဟာ ဆက်ပြီးကောင်းကောင်းမွန်မွန်နေမယ်ဆိုရင် တချိန်ချိန်လွတ်လာမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။”

သေဒဏ်ကလွတ်မြောက်သွားတဲ့  မြန်မာလူငယ် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့   ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက သွားရောက်တွေ့ဆုံအားပေးဖို့ စီစဉ်နေတယ်လို့လည်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။ 

သေဒဏ်အမိန့်ချခံထားရတဲ့ မြန်မာလူငယ် ၂ ဦးမှာ ထိုင်းဘုရင်ကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ပုဒ်မ ၁၅ အရ သေဒဏ်ကနေ ထောင်ဒဏ် တစ်သက်သို့ လျှော့ပေးခံရကြောင်း ထိုင်းရှေ့နေများကောင်စီက မြန်မာသံရုံးကို အကြောင်းကြားခဲ့ပြီးနောက် ခုလို အကျဉ်းထောင်ကို သွားရောက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ရှေ့နေ ဦးအောင်မျိုးသန့်က “ဒီအမှုကိုစလုပ်တယ်ဆိုကတည်းက ထိုင်းရှေ့နေများကောင်စီက ပူးတွဲပါဝင်နေတာပါ။ ဒီလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထွက်တော့ သူတို့လည်း ဒါကိုဖတ်ပြီး ကျနော်တို့ဆီကို အကြောင်းကြားတယ်။ ပုဒ်မ ၁၅ အရ သေဒဏ်ကနေ တသက်တစ်ကျွန်းကို ပြောင်းတာပေါ့နော်။ ဒီလ ၁၃ ရက်နေ့ ပြန်တမ်းထွက်ပြီး ၁၄ ရက်နေ့မှာ ထိုင်းရှေ့နေများကောင်စီက သံအမတ်ကြီးကို အကြောင်းကြားတယ်။ ဒီလုပ်ငန်းစဉ်မှာ မြန်မာသံအမတ်ကြီးက ဦးဆောင်တာမို့လို့ ဒီကလေးတွေအတွက်ကို ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ခြင်းကလည်း သံအမတ်ကြီးရဲ့ ညွှန်ကြားမှုနဲ့ပါ။ အခုလည်း ဒီလို အမိန့်ရတဲ့အခါမှာလည်း ကျနော်တို့က ဟိုဘက်ကသေချာတဲ့ အနေအထားမျိုးမှာ ကလေးတွေ ကိုသွားတွေ့ဖို့ သံအမတ်ကြီးက ဆက်လက်ညွှန်ကြားပေးပါလိမ့်မယ်ခင်ဗျ။ ကလေး ၂ ယောက်ကတော့ သူတို့ ထောင်ထဲမှကတည်းက သိပြီးဖြစ်ပါလိမ့်မယ်။  မြန်မာပြည်က သူတို့မိသားစုဝင်တွေလည်း ထိုင်းမှာရှိတဲ့ ရခိုင်ကူညီစောင့်ရှောက်ရေးအဖွဲ့တွေကနေတဆင့် သိပြီးသားပါ။ အကြောင်းလည်း ကြားလိုက်ပါပြီ”လို့ ပြောပါတယ်။ 

သံအမတ်ကြီးနဲ့ အဖွဲ့ဟာပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဘန်ခွမ်အကျဉ်းထောင်ရှိ ဝင်းနဲ့ ဇော်တို့ကို သွားရောက်တွေ့ဆုံအားပေးခဲ့ရာမှာ ကလေးတွေဟာ စိတ်ဓာတ်မကျဘဲ ထိုင်းစာကို လေ့လာသင်ယူတဲ့အပြင် ထောင်သားအချင်းချင်းဖြစ်တဲ့ နိုင်ငံခြားသားထံမှလည်း အင်္ဂလိပ်စာ ကိုလည်း သင်ယူလေ့လာနေတယ်လို့ သိရပါတယ်။

ဝင်းနဲ့ ဇော်တို့နှစ်ဦး အခုလို သေဒဏ်က လွတ်မြောက်တဲ့အပေါ်မှာ ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက်အဖွဲ့ကလည်း ရုန်းကန်လှုပ်ရှားပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိ ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

မြန်မာအစိုးရအနေနဲ့လည်း ကောင်းမွန်တဲ့ နှစ်နိုင်ငံဆက်ဆံရေးကိုအခြေပြုပြီး ပြည်ပရောက် မြန်မာနိုင်ငံသားအားလုံးရဲ့ ဖြစ်တည်မှုနဲ့ သိက္ခာအတွက် နည်းလမ်းပေါင်းစုံနဲ့ အမြန်ဆုံးပံ့ပိုးကူညီ ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း ဩဂုတ် ၁၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အလားတူ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကလည်း မြန်မာအစိုးရ၊ တာဝန်ရှိသူတွေအနေနဲ့  ထိုင်းနိုင်ငံ အကျဉ်းထောင်တွေမှာ  အကျဉ်းကျနေတဲ့   ဝင်းနဲ့ ဇော် အပါအဝင်၊ မြန်မာနိုင်ငံသား တွေကို သွားရောက်တွေ့ဆုံအားပေးပြီး လိုအပ်တာတွေ ကူညီပေးသင့်ကြောင်း သူ့ရဲ့ လူမှုကွန်ရက်မှာ တိုက်တွန်းရေးသားထားပါတယ်။

ထိုင်းဘုရင်နဲ့ မယ်တော်ကြီးတို့ရဲ့ မွေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ထောင်တွင်းအကျဉ်းသားတချို့ကို ပြစ်ဒဏ်တွေလျှော့ပေးလိုက်ကြောင်း  ထိုင်းအစိုးရက  ဩဂုတ် ၁၃ ရက်နေ့က ပြန်တမ်းထုတ်ပြန်ကြေညာခဲ့ရာမှာ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့  မြန်မာလူငယ်  ၂ ဦးလည်း သေဒဏ်ကနေ ထောင်ဒဏ် တစ်သက်လျှော့ချခံရတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013