DVB Logo
Home
မြန်မာသတင်း
ရန်ကုန်က ဆိုင်ကယ်ဘေးတွဲမောင်းသူများ စက်သုံးဆီဝယ်မရသဖြင့် အိမ်စရိတ်ရရန် ရုန်းကန်နေရ
DVB
·
April 7, 2026
Photo : DVB
Photo : DVB
Donate to DVB

စက်သုံးဆီအရောင်းဆိုင်တွေက လိုင်စင်မရှိတဲ့ ဆိုင်ကယ်ဘေးတွဲတွေကို ဆီရောင်းချ မပေးတဲ့ အတွက် ပြင်ပဆိုင်တွေကနေ တလီတာကို ငွေကျပ် ၁၂,၀၀၀ နဲ့ ဝယ်ယူနေရပြီး တနေ့တာ အိမ်စရိတ် ရဖို့ကို ကြိုးစားရှာဖွေနေရတယ်လို့ ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့ သာကေတမြို့နယ်က ဆိုင်ကယ်ဘေးတွဲမောင်းသူတွေဟာ ဆီဆိုင်တွေမှာ ဓာတ်ဆီ ဝယ်ယူလို့ မရတဲ့အတွက် ပြင်ပဆိုင်တွေကနေ တလီတာကို ငွေကျပ် ၁၂,၀၀၀ နဲ့ စက်သုံးဆီ ဝယ်ယူ နေရပြီး လိုသလောက်မရတဲ့ အခြေအ‌နေ ဖြစ်နေတယ်လို့ ဘေးတွဲမောင်းနှင်သူတွေဆီက သိရပါတယ်။

ဆီဈေးအပြင် ကုန်ဈေးနှုန်းတွေပါ တက်နေတဲ့အတွက် ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူတွေဟာ တနေ့တာ အိမ်စရိတ်ရဖို့ကို ကြိုးစားရှာနေရပြီး အုံနာခပေးရတဲ့ ဆိုင်ကယ်ဘေးတွဲမောင်းသူတွေက အခက်အခဲတွေ ပိုဖြစ်နေတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်ဘေးတွဲမောင်းသူတယောက်က “ဆီက တလီတာကို ၁၀,၀၀၀၊ ၁၂,၀၀၀ လောက် အပြင်မှာ ပေါက်နေတယ်။ ဝယ်ချင်တိုင်းလည်း ဝယ်လိုမရဘူး။ ဆီဈေးတွေကတတ်တော့ အိမ်ဈေးဖိုးထဲက ပါနေတာပေါ့” လို ပြောပါတယ်။

ရန်ကုန်မှာရှိတဲ့ ဘေးတွဲယာဉ်အများစုဟာ တရားဝင်လိုင်စင် မရှိကြပါဘူး။ အခုနောက်ပိုင်း ဆီဆိုင် တွေက Bar Code နဲ့ QR Code ဖတ်ပြီးမှ ဆီရောင်းပေးတော့တဲ့အတွက် ဘေးတွဲသမားတွေဟာ ဆီဆိုင်မှာ တန်းစီဝယ်ယူခွင့် မရတော့တာပါ။

ရန်ကုန်မှာရှိတဲ့ ဘေးတွဲယာဉ်အများစုကို တရားဝင်လိုင်စင်ထုတ်ပေးထားတာ မရှိပေမဲ့ တချို့မြို့နယ် တွေမှာတော့ နားလည်မှုတွေနဲ့ လိုင်စင်လုပ်ပေးထားတယ်လို့ သိရပါတယ်။

ဆီဝယ်ယူရခက်ပြီး ဈေးတက်တဲ့အတွက် ခရီးခတိုးတောင်းတဲ့အခါမှာလည်း စီးမယ့်သူ နည်းတာ ကြောင့် ဝင်ငွေနဲ့ ထွက်ငွေမမျှတဲ့ ဒုက္ခကို ဘေးတွဲမောင်းတဲ့ အောက်ခြေလူတန်းစားတွေ တော်တော်လေး ခံစားနေကြရပါတယ်။

ဧပြီလ ၃ ရက်ကစပြီး တက္ကဆီ၊ သုံးဘီးနဲ့ ကုန်တင်ယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ပြီး ဆီရောင်းပေးနေသလို အိမ်စီးကားတွေကိုလည်း တပတ် နှစ်ကြိမ် ဆီရောင်းပေးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်မှာရှိတဲ့ စွမ်းအင်ဝန်ကြီးဌာနကတော့ ဓာတ်ဆီအတွက် ရက် ၄၀ နဲ့ ဒီဇယ် အတွက် ရက် ၅၀ လောက် ရှိနေပြီး ဧပြီလအတွင်း ဆီတင်သင်္ဘောတွေ ထပ်ရောက်ဖို့ ရှိနေတာ ကြောင့် ဆီလုံလောက်တယ်လို့ ဧပြီ ၆ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ လက်တွေ့မြေပြင်မှာတော့ ဆိုင်ကယ်ဘေးတွဲသမားတွေဟာ ဆီတလီတာရဖို့ တနေ့တာ ဝင်ငွေရဲ့ ထက်ဝက်လောက်ကို အကုန်အကျခံနေရပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013