DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးကို တပ်မတော်က ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့် 
DVB
·
August 16, 2020
ကျောက်ဖြူတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးကို တပ်မတော်က ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့် 
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်မှာ တပ်မတော်က အေအေနဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဒေသခံတွေကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်ခဲ့ရာမှာ  ရဲတပ်သား ၁ ဦးလည်း အမှုဖွင့်ခံထားရတယ်လို့  ကျောက်ဖြူမြို့မ ရဲစခန်းက သိရပါတယ်။

အဆိုပါ ရဲတပ်သား ရဲကိုနိုင်ဟာ စနဲမြို့ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး သူ့ကို တပ်မတော်က ကျောက်ဖြူမြို့မရဲစခန်းမှာ တရားလိုပြုလုပ် တိုင်တန်းခဲ့တာကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဇောက ဒီဗွီဘီကို ပြောပါတယ်။

“စနဲရဲစခန်းက တပ်သား ရဲကိုနိုင်ပါ၊ သူ့ကို တပ်ကနေပြီးတော့ စွဲထားတာပေါ့၊ အဲဒီရဲကို တပ်က စစ်ဆေးတဲ့အခါမှာ ပေါ်ပေါက်တာပေါ့၊ ပုဒ်မကတော့ ၅၀(က)/(ည)၊ ၅၂(က) တို့နဲ့ အမှုဖွင့်ထားတယ်။” 

ရဲတပ်သားရဲကိုနိုင်မှာ ဆယ်တန်းအောင်မြင်ပြီးကတည်းက ရဲတပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီး ရဲတပ်သားအဖြစ် လုပ်ကိုင်နေတာ ၇ နှစ်ကျော် ရှိနေပြီး စနဲရဲစခန်းမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ဇူလိုင် ၂၈ ရက်နေ့က နေအိမ်ကို ထမင်းစားပြန်မရောက်တာကြောင့် မိသားစုဝင်တွေက စုံစမ်းရာမှာ ကျောက်ဖြူမြို့မရဲစခန်းကို ရောက်ရှိနေတာကို သိရပြီး သွားရောက်တွေ့ဆုံခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ ရဲတပ်သား ရဲကိုနိုင်ရဲ့ အစ်မဖြစ်သူ မခင်မီမီအောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျမမောင်က ဆယ်တန်းအောင်ပြီးကတည်းက ရဲထဲ ဝင်သွားတာ ၇ နှစ်ကျော်လောက်ရှိပြီ။ စနဲမြို့ရဲစခန်းမှာ တာဝန်ကျနေတာ။ အဲဒါ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က အိမ်ကို ထမင်းစား ပြန်မရောက်လို့ ဖုန်းဆက်တော့လည်း ဖုန်းဝင်ပြီး မကိုင်ဘူး၊ နောက်နေ့ သူနဲ့ရင်းနှီးသူတွေကို မေးကြည့်တော့ ကျောက်ဖြူရဲစခန်းကို ရောက်နေတယ်လို့ သိရတယ်။ အမေနဲ့ အစ်မကို လိုက်လာခဲ့ဖို့ မှာလို့ ကျမနဲ့ အစ်မကြီးနဲ့ လိုက်သွားကြတယ်၊ ရဲကိုနိုင်ကို ဘာကြောင့်ခေါ်သွားလဲ ဆိုပြီးတော့ စခန်းမှူးကို မေးကြည့်တော့ မသိဘူးဆိုပြီး ပြောတယ်။ သိချင်လို့ ဖုန်းဆက်မေးရင်လည်း မသိဘူးလို့ပဲ ပြောတယ်။ တကယ်လို့ သူ့ကို အကြောင်းတစ်ခုခုကြောင့် ဖမ်းတယ်ဆိုရင်လည်း မိသားစုကို အကြောင်းကြားသင့်တာပေါ့၊ အဓိကတော့ စွပ်စွဲခံရတယ်လို့ ထင်တယ်၊ အဲဒါကြောင့် ကျမ မောင်ကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။”

ကျောက်ဖြူခရိုင်မှာ ၂၀၂၀ မေလနောက်ပိုင်းမှာ တပ်မတော်က အေအေနဲ့ ဆက်နွှယ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့သူ ၆၀ ဝန်းကျင်အထိရှိလာပြီဖြစ်ပါတယ်။ ဒီအထဲက  တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး လူ ၃၀ လောက်ကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ကျောက်ဖြူ မြို့မရဲစခန်းမှာ အမှုဖွင့်ထာပါတယ်။

သတင်း - နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013