DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အန်စီအေလက်မှတ်မထိုးသည့်အဖွဲ့များပါဝင်နိုင်ရန် လမ်းဖွင့်ပေးသင့်
DVB
·
August 14, 2020
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အန်စီအေလက်မှတ်မထိုးသည့်အဖွဲ့များပါဝင်နိုင်ရန် လမ်းဖွင့်ပေးသင့်
Donate to DVB

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အန်စီအေလက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ ပါဝင်လာနိုင်ဖို့အတွက် အန်စီအေအပြင် တခြားလမ်းကြောင်းတစ်ခု ဖွင့်ပေးသင့်တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးက ပြောပါတယ်။ 

ဩဂုတ် ၁၃ ရက် ညနေပိုင်းမှာ မြောက်ပိုင်းအဖွဲ့တွေက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို  တက်ရောက်နိုင်ခြင်းမရှိတော့ဘူးလို့ ထုတ်ပြန်ပြီးနောက်မှာ နိုင်အောင်မငေးက ဒီဗွီဘီရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာပါ။

“ဘယ်လိုပဲပြောပြော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ လည်း လုံးဝပါဝင်ဖို့ သင့်တယ်ပေါ့နော်။ ပြည်ထောင်စုအရေး ဆွေးနွေးတဲ့အခါကျရင်လည်း ပါဝင်ဖို့သင့်တယ်။ ညီလာခံကို ဒီတစ်ပိုင်းမဟုတ်သည့်တိုင်အောင် နောက်ပိုင်းမှာဆိုရင် သူတို့ကို ပါဝင်ဖို့သင့်တယ်။ ဒီ အန်စီအေကိုပဲ မူသေမထားပဲနဲ့ ဒီငြိမ်းချမ်းရေး process မှာ သူတို့ပါဝင်ဖို့ လမ်းကြောင်းတစ်ခုခုကို ဖွင့်ပေးဖို့သင့်တယ်ပေါ့နော်။ ဒါကျနော်တို့ရဲ့ သဘောထားပေါ့။ ဖွင့်ပေးမယ် ဆိုရင်တော့ တစုတစည်းတည်းဖြစ်မယ်။ ကျနော်တို့ပြင်ဆင်စရာတွေလည်း ရှိလာမယ်။ ကျနော်တို့ အချင်းချင်း ဖြည့်စွက်စရာတိုင်ပင်စရာ ပိုကောင်းတဲ့ လမ်းကြောင်းတစ်ခုဖြစ်လာမှာပေါ့နော်”လို့ နိုင်အောင်မငေးက ပြောပါတယ်။

UWSA “ဝ” တပ်ဖွဲ့ခေါင်းဆောင်တဲ့ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ ဩဂုတ် ၁၃ ရက်မှာ ဝ အထူးဒေသ(၂) ပန်ခမ်းမြို့မှာ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ဒီတစ်ကြိမ် ညီလာခံကို တက်ရောက်နိုင်ခြင်းမရှိတော့ဘူးလို့ ထုတ်ပြန်ခဲ့တာပါ။ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မြောက်ပိုင်းအဖွဲ့တွေ တက်ရောက်ခြင်းမရှိတာဟာ ညီလာခံအပေါ်မှာ ရိုက်ခတ်မှုမရှိနိုင်ပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ မှာပါဝင်ပတ်သက်နေသူတွေအားလုံး ပါဝင်ဆွေးနွေးအဖြေရှာသင့်တယ်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

“ငြိမ်းချမ်းရေးဆိုတာက လက်နက်ကိုင်ပဋိပက္ခလုံးဝချုပ်ငြိမ်းသွားမှပဲ ကျနော်တို့က တကယ့် ငြိမ်းချမ်းရေး စစ်စစ်မှန်မှန် ပြည့်ပြည့်ဝဝရပြီလို့ ပြောလို့ရမှာပေါ့နော်။ ဒါကြောင့်မို့လို့ ကျနော်တို့ ကတော့ လက်နက်ကိုင်ပဋိပက္ခမှာ အကျုံးဝင်နေတဲ့သူတွေအားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင် ဆွေးနွေးတာမျိုးဖြစ်စေချင်တယ်။ ဖြစ်ဖို့လည်း လိုအပ်တယ်လို့ မြင်ပါတယ်”လို့ ဦးကိုကိုကြီးက ပြောပါတယ်။

UWSA အပါအဝင် မြောက်ပိုင်းအဖွဲ့ ၆ ဖွဲ့အနေနဲ့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း အသွားအလာခရီးစဉ် စီစဉ်ရာမှာ အခက်အခဲတွေ ရင်ဆိုင်နေရခြင်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မတက်ရောက်နိုင်တဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ မြောက်ပိုင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အတွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအစိုးရက ဒီတစ်ကြိမ်ညီလာခံမှာ အေအေအဖွဲ့ကို ဖိတ်ကြားခြင်းမရှိတဲ့အပေါ်မှာလည်း များစွာစိတ်မကောင်း ဖြစ်မိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုတော့ နေပြည်တော်မှာ  ဩဂုတ် ၁၉ ရက်က စတင်ပြုလုပ်မှာဖြစ်ပြီး ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၃ ကို လက်မှတ်ထိုး ချုပ်ဆိုသွားဖို့ အစိုးရနဲ့ အန်စီအေလက်မှတ်ထိုး အဖွဲ့အစည်းတွေအကြား သဘောတူညီမှု ရရှိထားပါတယ်။

သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013