
နေပြည်တော်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KNU ခွဲထွက်အဖွဲ့တဖွဲ့ဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC) အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်စတင်နိုင်ရေး စတင်ဆွေးနွေးခဲ့ပေမဲ့ သဘောတူညီချက် ချမှတ်တာ၊ ဆုံးဖြတ်ချက်ချတာတွေ မရှိခဲ့ဘူးလို့ KNU/KNLA (PC) ပြောခွင့်ရ ဗိုလ်မှူးချုပ် စောကျော်ညွန့်က ပြောပါတယ်။
ကရင်ပြည်နယ်တွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC) နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့ဟာ စစ်အာဏာရှင် လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ကရင်ငြိမ်းချမ်းရေးကောင်စီ အနေနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရေး စတင်ဆွေးနွေးခဲ့ပြီး သဘောတူညီချက် ချမှတ်တာ၊ ဆုံးဖြတ်ချက်ချတာတွေ မရှိခဲ့ဘူးလို့ KNU/KNLA (PC) ပြောခွင့်ရ ဗိုလ်မှူးချုပ် စောကျော်ညွန့်က ပြောပါတယ်။
“အဲဒီတွေ့ဆုံပွဲတုန်းက ခုနက ကျနော်ပြောတဲ့ ဒေသတည်ငြိမ်အေးချမ်းရေး ကိစ္စတွေပဲဖြစ်ဖြစ် နောက်ပြီးတော့ ရပ်တန့်နေတာ ကြာပြီဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်မဲ့ ကိစ္စရပ်တွေပဲဖြစ်ဖြစ် အဲဒီအပေါ်မှာ ကျနော်တို့အဖွဲ့ကပဲ စတင်ပြီးတော့ ဆွေးနွေးတင်ပြမှု လုပ်တယ်။ အဲဒီအပေါ်မှာ NSPNC ကလည်းပဲ မေးမြန်းတာတို့ ဖြည့်စွက်တာတို့၊ ဆွေးနွေးတာတို့ အပြန်အလှန် ကျနော်တို့ တရက်တာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်တာတော့ ရှိတယ်။ သို့သော်လည်းပဲ ဒီတရက်တာ တွေ့ဆုံဆွေးနွေးမှုကနေပြီးတော့ သဘောတူညီချက် ချမှတ်တာ၊ ဆုံးဖြတ်ချက်ချတာတို့ ဘာတို့ ကျနော်တို့အနေနဲ့ မရှိပါဘူး။ အားလုံး သိပြီးသားဖြစ်မှာပါ။ ကျနော်တို့အနေနဲ့ တရက်တာ အစည်းအဝေးကနေပြီးတော့ မှတ်တမ်းတင်တဲ့ အစီအစဉ်နဲ့ပဲ ပြုလုပ်ကြတာပါ။”
ဒါ့အပြင် ကရင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်တယ်လို့ KNU/KNLA (PC) အတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် စောကျော်ညွန့်က ပြောပါတယ်။
“ကရင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ စစ်ပွဲတွေက ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ ကရင်ပြည်နယ်က စတင်ခဲ့တာလည်း မဟုတ်ပါဘူး။ ကျနော်တို့ ကရင်လူမျိုး ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေကနေ အစပြုခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့ တနိုင်ငံလုံး လက်ရှိ ကြုံတွေ့နေရတဲ့ လက်နက်ကိုင်ပဋိပက္ခ ကြီးမားကျယ်ပြန့်တဲ့ ကာလတခုအောက်မှာ ကရင်ပြည်နယ် အနေနဲ့ကလည်း နိုင်ငံမှာရှိနေတဲ့ ယူနစ်တခု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မလွှဲမရှောင်သာ ဒီပဋိပက္ခတွေနဲ့ ကျနော်တို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ် ဆိုတာကိုတော့ ကျနော်တို့ ပြောဖြစ်တယ်။”
အခုလို စစ်အာဏာရှင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ DKBA နဲ့ KNU/KNLA (PC) ဟာ အဖွဲ့အစည်း ရေရှည်ရပ်တည်နိုင်ဖို့အတွက် ကရင်ပြည်နယ်နဲ့ ကရင်လူမျိုးတွေကို အသုံးချပြီး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တာလို့ ကရင်နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
ကရင်နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတယောက်က “အမှန်တကယ် လုပ်သင့်တာက ရှိသမျှ ERO ကရင်လက်နက်ကိုင်အားလုံးနဲ့ တိုင်ပင်ဆွေးနွေးရမယ်။ တိုင်ပင်ဆွေးနွေးလို့ ရလာတဲ့ အဖြေပေါ်မှာ ကရင်ပြည်သူတွေကို ရှင်းပြရမယ်။ ကရင်ပြည်သူတွေက နားလည်လက်ခံတဲ့ အကြောင်းအရာတွေကိုပဲ ပြောဆိုဆွေးနွေးတာ ဆိုရင်တော့ ကျနော်တို့ လက်ခံတယ်။ အခု DKBA နဲ့ PC သွားတဲ့ကိစ္စသည် ကရင်တမျိုးသားလုံးနဲ့ ကရင်ပြည်နယ် ကိုယ်စားမပြုသလို ကရင်လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကိုလည်း ကိုယ်စားပြုတာ မဟုတ်ဘူး။ သူတို့ရဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်ကျိုးအတွက် သူတို့ရဲ့ စီးပွားရေးအတွက် သူတို့ရဲ့ အဖွဲ့အစည်းတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ကရင်ပြည်နယ်နဲ့ ကရင်လူမျိုးတွေကို အသုံးချပြီးတော့မှ ချနင်းပြီးတော့မှ ကိုယ်ကျိုးရှာပြီးတော့ လုပ်သွားတယ်ဆိုတဲ့ ပုံစံမျိုးပဲ ကျနော်တို့ မြင်တယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ DKBA တာဝန်ရှိသူတွေကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ဧပြီ ၂၀ ရက်က နေပြည်တော် သမ္မတရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က သူ့ရဲ့ အစိုးရသစ် ရက်ပေါင်း ၁၀၀ ပြည့်မဲ့ ဇူလိုင် ၃၁ ရက်အတွင်း PDF တွေ အလင်းဝင်ကြဖို့နဲ့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ အပါအဝင် တနိုင်ငံလုံးအနှံ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
KNU တပ်မဟာ (၇) တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်တဲ့အဖွဲ့ဟာ ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှာ KNU ကနေခွဲထွက်ကာ နအဖ စစ်အစိုးရထံ လက်နက်ချဝင်ရောက်သွားပြီး KNU/KNLA ငြိမ်းချမ်းရေးကောင်စီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။










