
စစ်အာဏာရှင်ဟာ နိုင်ငံတကာအသိုက်အ၀န်းဆီက အပြုသဘောဆောင်တဲ့ ပုံရိပ်ကောင်းရဖို့ ငြိမ်းချမ်းရေးစကားတွေ အသုံးပြုနေပေးမဲ့ လက်တွေ့မြေပြင်မှာတော့ စစ်ပွဲတွေ ဆင်နွှဲပြီး နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေးကွန်ရက် (KWAN) က အစီရင်ခံစာသစ် ထုတ်ပြန် ထောက်ပြ လိုက်ပါတယ်။
စစ်အာဏာရှင်ဟာ ကော်သူလေး (ကရင်ပြည်)မှာ "ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံကိန်း" ဆိုပြီး ကြေညာထားတဲ့ကာလအတွင်းမှာတင် စစ်အာဏာရှင်တပ်က ၁ ရက်ကို ၁၈ ကြိမ်မက တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက ရွေးကောက်ပွဲတုအပြီး မင်းအောင်လှိုင်ဟာ မိမိဘာသာ သမ္မတအဖြစ် ကြေညာခဲ့ကာ "ရက် ၁၀၀ စီမံကိန်း" နဲ့ ငြိမ်းချမ်းရေး ကတိပြုခဲ့ပေမဲ့၊ လက်တွေ့မှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လုံးဝ လျော့ပါးသွားခြင်း မရှိခဲ့ဘူးလို့ ထောက်ပြပါတယ်။
ဒီ ရက် ၁၀၀ စီမံကိန်းကာလအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၁၂၀၀ ကျော်၊ လက်နက်ကြီး ပစ်ခတ်မှု ၅၀၀ ကျော်နဲ့ မြေပြင်စစ်ဆင်မှုပေါင်းများစွာ ပါဝင်တဲ့ ဖြစ်စဉ် စုစုပေါင်း ၁၈၅၁ ခုကို KWAN က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၅၄ ယောက် သေဆုံးခဲ့ရပြီး ၁၃၇ ယောက် ဒဏ်ရာရခဲ့သလို၊ အရပ်သားတွေ နေထိုင်ရာဒေသတွေအပေါ် ပြင်းအားမြင့်ဗုံးတွေနဲ့ ပန်းခင်းဗုံးတွေကိုပါ ကြဲချခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးရေး ဗျူဟာတွေကြောင့် အိမ်ထောင်စု ၈၀၀၀ ကျော် ထပ်မံ ထွက်ပြေးခဲ့ရပြီး လက်ရှိ ကော့သူးလေဒေသတခုတည်းမှာတင် စစ်ဘေးဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ရှိနေပြီးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
KWAN ရဲ့ စည်းရုံးလှုံ့ဆော်ရေးခေါင်းဆောင် နော်မိုင်ရာဒါးဂေးဖောက "မြန်မာစစ်အာဏာရှင်တပ်ဟာ အမြဲတမ်း ကျူးကျော်တိုက်ခိုက်သူ ဖြစ်ခဲ့သလို အခုလည်း ဖြစ်နေတုန်းပါပဲ။ သူတို့သာ ငြိမ်းချမ်းရေးကို တကယ် အလေးအနက်ထားရင် တိုက်ခိုက်မှုတွေကို လိုချင်တဲ့အချိန်မှာ ရပ်တန့်လို့ ရပါတယ်"လို့ ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အာဏာရှင်စိုးမိုးမှုကို သက်ဆိုးရှည်စေမဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မထောက်ခံကြဖို့နဲ့ စစ်အာဏာရှင်တွေကို ငြင်းပယ်ပြီး ဒီမိုကရေစီ လိုလားသူတွေကိုသာ အဓိက ကူညီထောက်ပံ့ပေးကြဖို့ KWAN က ထုတ်ပြန်ချက်မှာ တိုက်တွန်း နှိုးဆော် ထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေးကွန်ရက် (KWAN) ဟာ ကော့သူးလေဒေသ(ကရင်ပြည်) အတွင်း ဖြစ်ပေါ်နေသော သတင်းအချက်အလက်တွေ၊ စစ်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဖြစ်စဉ်တွေ ကို စောင့်ကြည့်လေ့လာပြီး နိုင်ငံတကာသို့ အစီရင်ခံစာတွေ ထုတ်ပြန်လှုံ့ဆော်ပေးနေတဲ့ အဖွဲ့အစည်း တခု ဖြစ်ပါတယ်။











