
လာမဲ့ ၅ ရက်အတွင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးအင်မတန် များနိုင်တာကြောင့် သတိပြုဖို့လိုပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။
မိုးရွာနိုင်တဲ့အခြေအနေကို ဧပြီ ၂၆ ရက် မနက်မှာ ခန့်မှန်းထုတ်ပြန်လာတာဖြစ်ပြီး နာရီ ၁၂၀ (၅ ရက်)အတွင်း အထူးသဖြင့် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ မိုးရေချိန် ၁၅၀ မီလီမီတာ (၅ ဒသမ ၉ လက်မ)ကနေ ၂၀၀ မီလီမီတာ (၇ ဒသမ ၈ လက်မ)အထိ မိုးအင်မတန်များနိုင်တဲ့အခြေအနေဖြစ်လို့ သတိပြုဖို့လိုတယ် လို့ ဆိုပါတယ်။
ရခိုင်ကမ်းရိုးတန်းမှာလည်း မိုးရေချိန် သိသိသာသာမြင့်တက်လာတာကို တွေ့ရပြီး ဘင်္ဂလားပင်လယ်အော်က မိုးတိမ်တိုက်တွေ ဝင်ရောက်လာနိုင်တဲ့ အလားအလာရှိတယ်လို့ ဆိုပါတယ်။
ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့မှာတော့ လာမဲ့ ၃ ရက်အတွင်း မိုးမရွာသလောက်ဖြစ်ပေမဲ့ လာမဲ့ ၅ ရက်အတွင်းမှာတော့ အပူရှိန်ကြောင့်ဖြစ်တဲ့ အပူပျံတိမ်တွေ၊ လေဖိအားနည်းရပ်ဝန်း အရှိန်တို့ကြောင့် မိုးနည်းနည်း ရွာနိုင်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း လာမဲ့ ၅ ရက်အတွင်း မိုးရေချိန် ၇၀ မီလီမီတာ(၂ ဒသမ ၇ လက်မ) ကနေ ၁၃၀ မီလီမီတာ(၅ ဒသမ ၁၁ လက်မ)အထိ ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီနေ့ညနေပိုင်းမှာလည်း မန္တလေးတိုင်း၊ ပျော်ဘွယ်၊ ရမည်းသင်း မြို့နယ်တို့အပေါ်ကနေဖြတ်ပြီး မကွေးတိုင်း နတ်မောက်မြို့နယ်ကို ရွေ့လျားဝင်လာနိုင်တဲ့ မိုးတိမ်တောင်တွေကြောင့် လေပြင်းတိုက်တာနဲ့ မိုးသီးကြွေတာဖြစ်နိုင်တယ်လို့လည်း သူ့ရဲ့လူမှုကွန်ရက်ကနေ ခန့်မှန်းထုတ်ပြန်ထားပြီး ရမည်းသင်းမြို့နယ်မှာ လေပြင်းတိုက်၊ မိုးသီးကြွေသွားတယ်လို့ ဒေသခံတွေက မှတ်ချက်ပေးထားပါတယ်။










