DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဒို့တာဝန်အရေးသုံးပါး ဦးတည်ချက်မပျောက်ရန် ဒုတပ်ချုပ် သတိပေး
DVB
·
August 13, 2020
ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဒို့တာဝန်အရေးသုံးပါး ဦးတည်ချက်မပျောက်ရန် ဒုတပ်ချုပ် သတိပေး
Donate to DVB

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြရာမှာ နိုင်ငံနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ရရှိအောင် ဆွေးနွေးကြဖို့နဲ့ ဒို့တာဝန်အရေးသုံးပါးရဲ့ ဦးတည်ချက်တွေ မပျောက်ပျက်အောင် ဆွေးနွေးကြဖို့ကို ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုက်တွန်းလိုက်ပါတယ်။

ဩဂုတ် ၁၃ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ၉ ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှုရပ်စဲရေးသဘောတူ စာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အတွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ရဲ့ သဘာဝ၊ ကိုယ့်ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ကိုယ့်ရဲ့စရိုက်လက္ခဏာ၊ ယဉ်ကျေးမှုမှာပဲ အခြေခံပြီးတော့မှ ဒို့တာဝန်အရေးသုံးပါး ဦးတည်ချက်လည်းမပျောက်ပျက်စေပဲ ဆက်လက်ဆွေးနွေးကြရမှာဖြစ်ပြီး ရလဒ်ကောင်းများ အခုထက်ပိုမိုရရှိပါစေကြောင်းလည်းပဲ ဆန္ဒပြုအပ်ပါတယ် ” လို့ ပြောပါတယ်။

၄ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေး၊ ၉ ကြိမ်မြောက် JICM အစည်းအဝေးပြုလုပ်နိုင်ရေးတို့နဲ့ ပတ်သက်ပြီး အလုပ်အဖွဲ့တွေရဲ့ ညှိနှိုင်းဆွေးနွေးမှုတွေမှာ နောက်ကြောင်းပြန်ဆွေးနွေးခြင်း၊ အကြောင်းအရာတစ်ခုကို ထပ်မံဆွေးနွေးခြင်းတွေကြောင့် မလိုလားအပ်ပဲ အချိန်တွေကြန့်ကြာခဲ့ရတယ်လို့လည်း ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။။

“ရှေ့ကို အရှိန်အဟုန်နဲ့ဆွေးနွေးရမယ့်အစား နောက်ကြောင်းပြန်ရှင်းလင်းခြင်း၊ ထပ်မံ ဆွေးနွေးခြင်းများဖြင့် မလိုလားအပ်သော အဖိုးတန်အချိန်များကုန်ဆုံးခဲ့ကြရပြီး တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ မျှော်လင့်စောင့်စားနေတဲ့ ပန်းတိုင်ရောက်ဖို့ရာလည်း မလိုလားအပ်ဘဲ ကြန့်ကြာနေတာဖြစ်တဲ့အတွက် အလုပ်အဖွဲ့များ ရှေ့ဆက်လက်ပြီး ဆွေးနွေးရန်ကျန်ရှိတဲ့ အချက်များကို အရှိန်အဟုန်ဖြင့် ဆွေးနွေးကြရာမှာ ဒီလိုအချက်မျိုးကို သတိပြုကြဖို့ တိုက်တွန်းလို ပါတယ်။” 

၉ ကြိမ်မြောက် JICM အစည်းအဝေးပြုလုပ်နိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ နှစ်ဖက် အလုပ်အဖွဲ့တွေ ဟာ အကြိုညှိနှိုင်းအစည်းအဝေးတွေကို ၄ ကြိမ် ပြုလုပ်ခဲ့ရပြီး အခုလအတွင်းမှာပင် ၂ ကြိမ် ပြုလုပ်ခဲ့ရတာပါ။

ဒီလိုပြုလုပ်ခဲ့ရာမှာ နှစ်ဖက်အဖွဲ့အစည်းတွေအကြားညှိနှိုင်းမှုအချို့ အဆင်မပြေခဲ့တာကြောင့် အချို့အစည်းအဝေးရက် တွေကို တိုးမြှင့်ပြီး ထပ်မံညှိနှိုင်းခဲ့ရပါတယ်။

၉ ကြိမ်မြောက် JICM အစည်းအဝေးပြီးတဲ့နောက်မှာတော့ ဩဂုတ် ၁၄ ရက်မှာ UPDJC အစုအဖွဲ့အလိုက် အစည်းအဝေးနဲ့ UPDJC နိုင်ငံရေးပါတီအစုအဖွဲ့နဲ့ဆွေးနွေးပွဲ၊ ဩဂုတ် ၁၅ ရက်မှာ UPDJC အတွင်းရေးမှူးများအစည်းအဝေး၊ ဩဂုတ် ၁၇ ရက်မှာ UPDJC အစည်းအဝေးတွေ ပြုလုပ်မှာဖြစ်ပြီး ဩဂုတ် ၁၉ ရက်မှာတော့ စတုတ္ထအကြိမ် ညီလာခံကို စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013