DVB Logo
Home
မြန်မာသတင်း
လူထုခေါင်းဆောင်မွေးနေ့ နှင်းဆီလှုပ်ရှားမှုနှင့် Proof of Life ကမ်ပိန်းပြုလုပ်၊ လန်ဒန်တွင် အစာငတ်ခံဆန္ဒပြ
ဝေဝေ
·
June 19, 2026
Photo: Click To Fight - UK
Photo: Click To Fight - UK
Donate to DVB

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် အဖြစ် နှင်းဆီလှုပ်ရှားမှုကို ပြည်တွင်းပြည်ပက ပြည်သူတွေနဲ့ လူထုခေါင်းဆောင်ကို လေးစားချစ်မြတ်နိုးကြသူတွေက ဆင်နွှဲနေကြပြီး လူထုခေါင်းဆောင် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေနဲ့ အကျဉ်းကျခံနေရတာကနေ လွတ်မြောက်ရေးကိုလည်း တောင်းဆိုနေကြပါတယ်။

ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီကမ်ပိန်း လှုပ်ရှားမှုတွေကို ပြည်တွင်း ပြည်ပမှာ ရှိကြတဲ့ ပြည်သူလူထုတွေက ပါဝင်ဆင်နွှဲနေကြပြီး လူထုခေါင်းဆောင် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကိုပါ တပါတည်း ပူးပေါင်းပါဝင်ဆင်နွှဲနေကြပါတယ်။

လန်ဒန်မြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ၂၄ နာရီ အစာငတ်ခံ ဆန္ဒပြ တောင်းဆိုလှုပ်ရှားမှု (24 Hrs Hunger Strike) ကို ပြုလုပ်နေကြပါတယ်။

လန်ဒန်မြို့ အစာငတ်ခံဆန္ဒပြရာမှာ ပါဝင်သူတယောက်က “ကျနော် အရင်ဆုံးပြောချင်တာက အမေစု မွေးနေ့မင်္ဂလာ ဖြစ်ပါစေ။ အမေစုရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ Hunger Strike တခုအနေနဲ့ ပါဝင်လှုပ်ရှားရခြင်းက အမေစုကို ဒီစစ်အုပ်စုကနေပြီးတော့ အဓမ္မ ဖမ်းဆီး ချုပ်နှောင်ထားတယ်၊ စာမလာ သတင်းမကြားအတွက် အမေစုရဲ့ သားဖြစ်သူ ကင်မ်အဲရစ် စိုးရိမ်ပူပန်နေမှုအတွက် Proof of Life Campaign လုပ်ရာကနေ ကျနော်တို့က အဲဒီ Proof of Life Campaign အတွက် တတပ်တအား ရဲဘော်တွေက ပါဝင်ပေးကြတာပါ။ Hunger Strike 24 hours ပေါ့နော်။ အမေစုရဲ့မွေးနေ့မှာ အမေစု ကျန်းကျန်းမာမာရှိပါစေ၊ နောက် အမေစုနဲ့တကွ အခြားသော နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ခြွင်းချက်မရှိ လွတ်မြောက်နိုင်ကြပါစေ၊ ဒါ ဖြစ်နိုင်ရင်တော့ ဒီနေ့ ကျနော်တို့ အဲလိုဖြစ်စေချင်ပါတယ်” လို့ ပြောပါတယ်။

ပြည်တွင်းမှာရှိတဲ့ လူထုခေါင်းဆောင်ကို ချစ်ခင်ကြသူတွေကလည်း နှင်းဆီလှုပ်ရှားမှုတွေအပြင် ပါဝင်နိုင်မဲ့ နည်းလမ်းအသီးသီးနဲ့ ပါဝင်လှုပ်ရှား တောင်းဆိုနေကြပါတယ်။

နှင်းဆီပန်း အပါအဝင် ပန်းအမျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာနဲ့ လက်ဆောင်ပေးတာတွေ အပြင် ၈၁ ကီလို လမ်းလျှောက်တာ၊ ပြေးတာ၊ စကိတ်စီးတာ စတဲ့ 81st birthday လှုပ်ရှားမှုတွေမှာပါ ပါဝင်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

81st birthday လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ပြည်သူတယောက်ကလည်း ပြည်သူတွေရှေ့ကို အမြန်ဆုံးရောက်ရှိဖို့ ဆုတောင်းစကားဆိုပါတယ်။

“ကျမတို့က အများကြီးတောင်းဆိုတာ မဟုတ်ဘူးပေါ့နော်။ ဒီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးကြောင်း စစ်အာဏာရှင်ကို သက်သေပြဖို့အတွက် ကျမတို့ တောင်းဆိုတယ်။ သားဖြစ်သူနဲ့ video call ပြောဆိုဖို့အတွက် ကျမတို့ တောင်းဆိုတယ်။ ဒီအာဏာသိမ်းထားတဲ့ ၅ နှစ်ကျော် ကာလအတွင်းမှာ အန်တီ အချုပ်အနှောင်ကနေ အမြန်ဆုံး လွတ်မြောက်ပါစေ။ ပြီးတော့ ပြည်သူလူထုတွေရဲ့ ရှေ့မှောက်ကို အမြန်ဆုံး ပြန်လည်ရောက်ရှိလာပါစေလို့ ကျမတို့က ဆုတောင်းပါတယ်ပေါ့နော်။ ၁၉ ရက်နေ့ဆို ပန်းတပွင့်ကိုတောင်မှ ကြောက်လန့်နေရတဲ့  စစ်အာဏာရှင်တစု သွေးပျက်နေတဲ့နေ့လို့ပဲ ကျမတို့ ပြောရမှာပေါ့။”

လူထုခေါင်းဆောင်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ကလည်း မိခင်ဖြစ်သူရဲ့ အပြုံးတွေ၊ အသံတွေကို မကြားနိုင်ခဲ့တာ ၆ နှစ်ကြာပြီဖြစ်ကြောင်း၊ မိခင်ဖြစ်သူ ဘယ်နေရာမှာ ဘယ်လိုရှိနေကြောင်း မသိရပေမဲ့ လူထုနှလုံးသားထဲမှာ ရှင်သန်နေကြောင်းနဲ့ ဘေးကင်းဖို့ ဆုတောင်းမေတ္တာ ပို့သထားပါတယ်။

မွေးနေ့ရှင်မပါဘဲ ကျင်းပပြုလုပ်ကြတဲ့ အထူးခြားဆုံး မွေးနေ့ပွဲ ဖြစ်တဲ့အလျောက် တရားမျှတမှုအတွက် တောင်းဆိုနေကြတဲ့ တောင်းဆိုမှုတွေအားလုံးကို ထောက်ခံကြိုဆိုကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ကလည်း ထုတ်ပြန်ထားတာ ရှိပါတယ်။

BLC အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က “မွေးနေ့ရှင်ကိုယ်တိုင် မရှိပေမဲ့လည်းပဲ global birthday celebration ကို ကမ္ဘာလုံးဆိုင်ရာ ကျင်းပနေတယ်ဆိုတဲ့ အခြေအနေမျိုးတွေကို ကျနော်တို့ ဒီနေ့ တွေ့ရတယ်၊ သိရတယ်၊ မြင်ရတယ်ပေါ့နော်။ ဒီတောင်းဆိုမှုကိုလည်းပဲ ဥပဒေအရ ကြည့်မယ်ဆိုလို့ရှိရင် မှန်ကန်တဲ့တောင်းဆိုမှု ဖြစ်တယ်။ တောင်းဆိုတဲ့သူတွေဘက်က ဘာမှကို လွဲမှားတာမရှိဘူး။ ဒီနေ့လှုပ်ရှားမှုကို ကြည့်တဲ့အခါကျတော့ တကယ့်ကို  အံ့ဩစရာ ကောင်းလောက်တဲ့အထိ လူမျိုး ဘာသာမရွေး အားလုံးကနေပြီးတော့ လုပ်တာကို တွေ့ရတဲ့အတွက် ဒါကို ကျနော်တို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ အနေနဲ့က လေးလေးနက်နက်နဲ့ ကြိုဆိုထောက်ခံပြီးတော့ အားလုံးကို အသိအမှတ်ပြု လေးစား တန်ဖိုးထားပါတယ် ဆိုတာ အဲ့သဘောထားလေးကို အခြေခံပြီးတော့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးတွေဖြစ်တဲ့ ဩစတြေးလျ၊ နော်ဝေ၊ UK၊ ဆွစ်ဇာလန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂ စတဲ့ သံရုံးအသီးသီးကလည်း လူထုခေါင်းဆောင်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ဆုမွန်ကောင်းတွေနဲ့အတူ အကြမ်းဖက်မှုရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးရေး စတာတွေကို တိုက်တွန်း တောင်းဆိုနေကြပါတယ်။

တဖက်မှာလည်း စစ်အာဏာရှင်တွေ တင်းကျပ်နေတဲ့ကြားကပဲ ရန်ကုန်လို မြို့ပြတွေမှာ မွေးနေ့ဆုတောင်း ဘန်နာတွေ ချိတ်ဆွဲတာတွေကို ပြုလုပ်နေတာ ရှိပါတယ်။

ဒါတွေအပြင် လွတ်မြောက်နယ်မြေဒေသက တော်လှန်ရဲဘော်တွေနဲ့ ပြည်သူတွေအနေနဲ့လည်း မွေးနေ့ရှင် ကျန်းမာစွာရှိနေဖို့နဲ့ သက်ရှိထင်ရှားရှိသေးကြောင်း တောင်းဆိုမှု Proof of Life ကမ်ပိန်းတွေကို ဒေသအသီးသီးမှာ တပြိုင်တည်း ပြုလုပ်နေကြပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013