DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုသဘောတူစာချုပ်သည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်မည့် လမ်းကြောင်း ဖော်ဆောင်နိုင်မည်ဟုဆို
DVB
·
August 13, 2020
ပြည်ထောင်စုသဘောတူစာချုပ်သည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်မည့် လမ်းကြောင်း ဖော်ဆောင်နိုင်မည်ဟုဆို
Donate to DVB

လာမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ လက်မှတ်ရေးထိုးမယ့် ပြည်ထောင်စုသဘောတူ စာချုပ်ဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းနိုင်မယ့် လမ်းကြောင်း တစ်ခု ကို ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ဩဂုတ် ၁၃ ရက် မနက်က  နေပြည်တော်မှာကျင်းပတဲ့   ၉ ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)  အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောသွားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ဒီသဘောတူစာချုပ်ဟာ ကျမတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အကျပ်အတည်းတွေကို ဖွဲ့စည်းအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းနိုင်မယ့် လမ်းကြောင်းတစ်ခုကို ထင်ထင်ရှားရှားဖော်ပြနိုင်တော့မှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

အခုလ ၁၉ ရက်နေ့ နေပြည်တော်မှာ ကျင်းပဖို့ရှိတဲ့ စတုတ္ထအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာအစည်းအဝေးမှာ အန်စီအေ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုရော အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေကိုပါတက်ရောက်ဖို့ အစိုးရက ဖိတ်ခေါ်ထားပြီး  ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို လက်မှတ်ရေးထိုးသွားမှာပါ။

ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၃ ကို အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့အစည်း တွေအကြား လက်မှတ်ရေးထိုးကြမယ်ဆိုပေမယ့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်တွေနဲ့  အဆင့်လိုက်အကောင်အထည်ဖော်မှုကိစ္စတွေကို အသေးစိတ် ဆက်လက်ဆွေးနွေးရဦးမှာလည်း ဖြစ်ပါတယ်။

“အဆင့်လိုက်သွားမယ့်လုပ်ငန်းစဉ်မှာ ဘယ်အချိန်မှာ ပြည်နယ်တွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေကိုဘယ်လို ရေးဆွဲကြမလဲ။ ပြည်ထောင်စုနဲ့ ပြည်နယ်အာဏာခွဲဝေမှုတွေကို တဆင့်ပြီး တဆင့် ဘယ်လိုသွားကြမလဲ။ ဘယ်အဆင့်တွေမှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကို ဘယ်ပုံစံနဲ့ လုပ်ကြမလဲဆိုတဲ့ ကိစ္စတွေကို ဟန်ချက်ညီဖော်ဆောင်နိုင်ဖို့အတွက် ကျမတို့ ဆက်လက်အသေးစိတ်ညှိနှိုင်းရဦးမှာပဲ ဖြစ်ပါတယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြည်ထောင်စုရဲ့ အနာဂတ်ခရီးအတွက် အသက်ရှင်နေတုန်း၊ ကြိုးစားခွင့်ရနေတုန်းမှာ အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးပမ်းအားထုတ်ကြပြီး မျိုးဆက်သစ်တွေလက်ထဲကို ငြိမ်းချမ်းရေး အမွေအနှစ်တခု ခိုင်ခိုင်မာမာလက်ဆင့်ကမ်း ဆောင်ကြဉ်းပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်းကြဖို့ လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောသွားပါတယ်။ 

စတုတ္ထအကြိမ်ညီလာခံအတွင်းမှာ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၃ အတွင်းပါဝင်မယ့် အန်စီအေအကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ အလွန်အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုအတွက် ဇယားတစ်ခုနဲ့ အချက် ၅ ချက်တို့ကို အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား သဘောတူညီမှု ရရှိထားပါတယ်။

သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)၊ ဓာတ်ပုံ- State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013