DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထိရောက်မှုမရှိဟုဝေဖန်ချက်  NRPC ငြင်းဆို
DVB
·
August 13, 2020
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထိရောက်မှုမရှိဟုဝေဖန်ချက်  NRPC ငြင်းဆို
Donate to DVB

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး NRPC ဘက်က ငြင်းဆိုလိုက်ပါတယ်။

အခုအစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က အဓိက တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး ဒီလိုဆောင်ရွက်နေရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်မှုမရှိဘူးလို့ ဝေဖန်မှုတွေပေ ပေါ်ထွက်လာပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက  ငြင်းဆိုလိုက်ပြီး NRPC အနေနဲ့ ရွေးကောက်ပွဲအပြီး နောက်အစိုးရတက်လာချိန်မှာတောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အသင့်ဆက်လက်ဆောင်ရွက်နိုင်အောင် ဆောင်ရွက်ပေးထားတယ်လို့ ဩဂုတ် ၁၂ ရက်က နေပြည်တော် NRPC မှာပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က နေပြည်တော် ရွှေစံအိမ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ NCA နှစ်ပတ်လည် အခမ်းအနားအပြီးမှာ KNU နဲ့ RCSS အဖွဲ့တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင်အစည်းအဝေးတွေကနေ ခေတ္တရပ်နားတယ်ဆိုပြီး ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ဒီအခြေအနေတွေကနေ အခုလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပြန်လည်ကျင်းပနိုင်တဲ့အထိ NRPC အနေနဲ့ ဆောင်ရွက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်  NCA လမ်းကြောင်းကြီးက ရပ်သွားပြီ။ တကယ်လည်း ရပ်သွားတယ်။ အစည်းအဝေးခေါ်လို့မရတော့ဘူး။ ဒီဟာတွေမှာ မပါဘူးလို့ Statement တွေထုတ်ပြီး ပြောရရင်တော့ သပိတ်မှောက်လိုက်ပြီ။ ဒီအနေအထားကို အစိုးရက ကြုံခဲ့ရတယ်ပေါ့နော်။ ကြုံရတဲ့အချိန်မှာ အလွတ်၊ ကြိမ်ဖန်များစွာသွားရတယ်။ သွားပြီးတော့ တိုင်းရင်းသားတွေရဲ့ လိုလားချက်က ဘာလဲ။ ပြဿနာတွေကဘယ်မှာ ဖြစ်နေလဲ။ အဲဒီပြဿနာတွေဖြေရှင်းနိုင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ ကျနော်တို့ တော်တော်အချိန်ယူရတယ်။ အချိန်ယူပြီး လုပ်ရင်းလုပ်ရင်းနဲ့ NCA လမ်းကြောင်းပေါ်ကို ပြန်ရောက်လာတာ။” လို့ ပြောပါတယ်။

ဒါ့အပြင် NCA လမ်းကြောင်းပေါ်ကို ပြန်ရောက်လာဖို့အတွက် ဆောင်ရွက်ရာမှာလည်း NRPC အနေနဲ့အရင်က အမှားတချို့ကို သင်ခန်းစာယူပြီး အချိန်ယူဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“အချိန်တိုတိုအတွင်းမှာပေါ့နော် အရမ်းတွန်းပြီးတော့ လုပ်တဲ့အခါကျတော့ မကျေလည်မှုတွေဖြစ်တယ်။ မကျေလည်မှုတွေဖြစ်ပြီးတော့ ခုနကလို Statement ထုတ်ပြီးတော့ ထွက်တဲ့ဟာတွေဖြစ်လာတယ်ပေါ့။ အဲ့ဒီတော့ ကျနော်တို့က ဒီသဘောတူ ညီချက်တွေ လုပ်မယ်ဆိုရင် တစ်ယောက်သဘောထား တစ်ယောက်နားလည်အောင်၊ သူ့ခံစားချက် ကိုယ်မျှဝေနိုင်အောင်လို့ ဒီလိုမျိုးအချိန်ယူရတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

အချိန်အပိုင်းအခြားတစ်ခုအထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အလွတ်သဘောနဲ့သာ ဆောင်ရွက်ခဲ့ရပြီး တရားဝင် အစည်းအဝေးတွေကိုတော့ အခုနှစ်ဆန်းပိုင်းကမှ ပြန်လည်စတင်နိုင်ခဲ့တာပါ။

ဒါပေမဲ့ ကြားကာလအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ မြန်မာပြည်မှာတွေ့ရှိရတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခေတ္တရပ်တန့်ခဲ့ရပြန်ပြီး အခုလအတွင်းမှာမှ ၄ ကြိမ်မြောက် ၂၁ ရာစုပင်လုံအစည်းအဝေးကို ပြန်လည်ပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့  တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ရတာ နှောင့်နှေးမှုမရှိအောင် ဆောင်ရွက်ပေးခဲ့ပေမယ့် NRPC က အကောင်အထည်မဖော်နိုင်ခဲ့သလို တပ်မတော်ဘက်ကဖွဲ့ပေးခဲ့တဲ့ ညှိနှိုင်းရေးအဖွဲ့ကိုလည်း ထိထိရောက်ရောက် မသုံးနိုင်ခဲ့ဘူးလို့ ရုရှား Politic မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဝေဖန်ပြောပါတယ်။

သတင်း-ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

ဓာတ်ပုံ-NRPC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013