DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်
DVB
·
August 12, 2020
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်
1 / 2
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဟာ  လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းစုစုပေါင်း ၁၁၂၉ ဦး ဝင်ပြိုင်မယ်လို့ သြဂုတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ပြည်သူ့လွှတ်တော် နေရာ ၃၂၀၊ အမျိုးသားလွှတ်တော် နေရာ ၁၆၅ နေရာ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်နဲ့ လူမျိုးစု မဲဆန္ဒနယ်  ၆၄၄ နေရာအတွက် ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီက လက်ရှိကိုယ်စားလှယ်လောင်းတွေ၊ ဒေသခံပြည်သူတွေနဲ့ ဒေသခံ ပါတီတာဝန်ရှိသူတွေ ကြိုက်နှစ်သက်သူနဲ့ ပညာတတ်တွေကို ဦးစားပေးရွေးချယ်ထားပြီး လူငယ်နဲ့ လူလတ်ပိုင်းက ရာခိုင်နှုန်းအများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကတော့ ဇေယျာသီရိမြို့နယ်က ဝင်ပြိုင်မှာဖြစ်ပြီး၊ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးဝေလွင်၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်၊ လယ်/ဆယ်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်တို့ကလည်း နေပြည်တော်ကောင်စီနယ်မြေထဲက မဲဆန္ဒနယ်တွေမှာ အသီးသီး ဝင်ပြိုင်ကြမှာပါ။

ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီကတော့ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ပြိုင်မှာဖြစ်ပြီး ဒုဥက္ကဋ္ဌဟောင်း ဦးဌေးဦးကလည်း သူရှုံးထား တဲ့ ဟင်္သာတမြို့နယ်မှာ ဝင်ပြိုင်ဖို့ရှိနေပါတယ်။  

အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်မယ့် ကော့မှူးမြို့နယ်နဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ဝင်ပြိုင်မယ့်နေရာတွေမှာ ထိပ်တိုက်ရင်ဆိုင်မယ့် ကိုယ်စားလှယ်လောင်း တွေကို  ကြံ့ခိုင်ရေးပါတီဘက်က အရည်အချင်းနဲ့ လုပ်နိုင်စွမ်းအားယှဉ်နိုင်တဲ့ မျက်နှာသစ်တွေကို ရွေးထားတယ်လို့ဆိုပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဝင်ပြိုင်မယ့် တာမွေမြို့နယ်မှာတော့ ကြံ့ခိုင်ရေးပါတီက ပြီးခဲ့တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ရှုံးနိမ့်ထားတဲ့ ဦးမျိုးဝင်းကျော်ကိုပဲ ပြန်လည်ရွေး ချယ်ထားပါတယ်။

ကြံ့ခိုင်ရေးပါတီအနေနဲ့ အန်အယ်လ်ဒီပါတီပြီးရင် ကိုယ်စားလှယ်လောင်း အရေအတွက်  ဒုတိယအများဆုံးဝင်ပြိုင်တာဖြစ်ပြီး အာဏာရ အန်အယ်ဒီပါတီကတော့ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးဝင်ပြိုင်မှာ ဖြစ်ပါတယ်။

သတင်း - ထက်ဝေအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013