
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ နေ့စဥ် ခိုးဝှက် လုယက်နေတဲ့ စစ်အာဏာရှင်တပ် လက်အောက်ခံ ပြည်သူ့စစ် ၂ ယောက်ကို ဇွန် ၁၀ ရက် ညက ဖမ်းမိခဲ့တယ်လို့ ပြည်သူ့စစ်အဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇွန် ၁၀ ရက် ည ၁၀ နာရီက ပုသိမ်ကြီးမြို့နယ်အဝင် ဆိုင်းဘုတ်အနီးမှာ ဆိုင်ကယ်စီးလာတဲ့ စုံတွဲကို ဓားထောက်လုယက်ခဲ့ရာမှ စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းမိခဲ့တယ်လို့ ပြည်သူ့စစ်အဖွဲ့နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“မြို့အဝင်ဆိုင်းဘုတ်နားမှာ အတွဲတတွဲကို ဆိုင်ကယ် ဓားထောက်လုလို့ တိုင်တဲ့သူရှိလို့ အဖမ်းခံရတာ။ တော်ရုံဆို မဖမ်းဘူး။ ဘာလို့လဲဆိုတော့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲပေးနေတဲ့သူလေ။ သူတို့က စစ်တပ်ကို ငွေရှာပေးနေတာ။”
လုယက်ပြီးနောက် ပြည်သူ့စစ် ၂ ယောက်ဟာ ပုသိမ်ကြီးမြို့ပေါ်က ဆီဆိုင်တဆိုင်မှာ လိုင်းကြေးသွားတောင်းပြီး ဆီဖြည့်နေစဥ် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းမိသူနှစ်ယောက်မှာ ပုသိမ်ကြီးမြို့နယ် မြို့မ ၂ ရပ်ကွက်နေ ဦးမျိုးဇင်ထွန်းနဲ့ နိုင်ဇော်ဦး ဖြစ်ပြီး သူတို့နှစ်ယောက်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်မှာ ပြည်သူ့စစ်အဖွဲ့ဝင်ကတ်ပြား ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာ ဦးမျိုးဇင်ထွန်းနဲ့ နိုင်ဇော်ဦးတို့ကို စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းဆီးထားပေမဲ့ အမှုဖွင့် အရေးမယူဘဲ ပြန်လွှတ်ပေးမှာကို မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခု အောက်တိုဘာ ၂၇ ရက်ကလည်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် အောင်ခန့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပေမဲ့ အခုထိ ဖမ်းဆီးခံရသူ မရှိသေးပါဘူး။
မန္တလေးတိုင်းအတွင်းမှာ ဗိုလ်ချုပ်ကြည်ခိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ချိန် ၂၀၂၃ ခုနှစ်ကစလို့ မန္တလေးနန်းတွင်း၊ ကျောက်ဆည်တပ်နယ်နဲ့ ပြင်ဦးလွင်တပ်နယ်မှာ ပြည်သူ့စစ်သင်တန်းတွေ ဖွင့်ခဲ့ပြီး တချို့ကို လက်နက်တပ်ဆင်ထားပါတယ်။










