DVB Logo
Home
မြန်မာသတင်း
ကာလုံအစည်းအဝေး မခေါ်ဘဲ တဦးတည်း ဆုံးဖြတ်နေမှု အန္တရာယ်ကြီးဟု ကာချုပ်ပြော
DVB
·
August 10, 2020
ကာလုံအစည်းအဝေး မခေါ်ဘဲ တဦးတည်း ဆုံးဖြတ်နေမှု အန္တရာယ်ကြီးဟု ကာချုပ်ပြော
Donate to DVB

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး မခေါ်ဘဲ တယောက်တည်း ဆုံးဖြတ်နေတာက အန္တရာယ် အင်မတန်ကြီးပြီး ဆုံးဖြတ်လုပ်ဆောင်ချက်တွေ မှန်ဖို့ အလှမ်းဝေးတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ရုရှားနိုင်ငံက Politic မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးက အခြေအနေတွေတည်ငြိမ်အောင်ဆောင်ရွက်ရေးနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွေအထောက်အကူဖြစ်စေနိုင်တယ်လို့ ထင်ကြောင်း ပြောပါတယ်။

“နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေဟာ နိုင်ငံတခုရဲ့ အသက်ဝိညာဉ်တွေပဲ ဖြစ်ပါတယ်။ အသက်ဝိညာဉ်မရှိတဲ့လူကို လူလို့ဆက်ပြီးခေါ်လို့ရဦးမလား။ ဒီလောက်အထိ အရေးကြီးပါတယ်။ ကျနော် မကြာခဏပြောခဲ့သလိုပါပဲ။ ဒီကိစ္စတွေမှာ Sorry ဆိုတာမရှိပါဘူး။ Sorry ဆိုရင် နိုင်ငံရဲ့အချုပ်အခြာ အာဏာဆုံးရှုံးပြီးဖြစ်နေပါလိမ့်မယ်။ ဒါတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေမလုပ်ဘဲ၊ တစ်ဦးတည်းကဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးပါတယ်။ ထိရောက်တဲ့၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေဖြစ်ဖို့ အလွန် အလှမ်းဝေးလှပါတယ်” လို့ ဆိုပါတယ်။

ဒီအစည်းအဝေးတွေခေါ်တာ မခေါ်တာဟာ တာဝန်ရှိသူတွေရဲ့ အပိုင်းဖြစ်ပြီး တပ်မတော်ကတော့ နိုင်ငံ လူမျိုးရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

နိုင်ငံရေးဆောင်းပါးရှင် ဆရာထက်မြက်ကတော့ လက်ရှိအစိုးရတက်လာကတည်းက ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီတချို့ကပါ ကာလုံခေါ်ဖို့ တောင်းဆိုခဲ့ကြပေမယ့် မလိုတာကြောင့် မခေါ်တာလို့ မြင်ကြောင်း ပြောပါတယ်။

“ကာလုံခေါ်ဖို့က နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်တယ်လို့ သူတို့က သတ်မှတ်ချင် သတ်မှတ်မှာပေါ့။ ဒီ ၅ နှစ်ထဲမှာ ခေါ်ကိုမခေါ်ခဲ့တာက ၅ ယောက်၊ ၆ ယောက် ဆိုတဲ့ အကန့်အသတ်ကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။ မလိုလို့ မခေါ်တာလည်း ဖြစ်နိုင်တယ်။ မခေါ်တဲ့ အတွက် နိုင်ငံလုံခြုံရေး ထိခိုက်လားဆိုတော့ အခုအချိန်အထိ ထိခိုက်တယ်လို့ မမြင်ဘူး။ ဒါကြောင့် ပထမတချက်က မလိုလို့ မခေါ်တာလို့ မြင်တယ်။ ဒုတိယတချက်က တယောက်တည်း အာဏာရှင်ဆန်ဆန် ဆုံးဖြတ်တယ်ပြောရအောင်လည်း သမ္မတ ဦးဝင်းမြင့်နဲ့အတူ (ကာလုံအဖွဲ့ဝင်) ၅ ယောက်ရှိနေတော့ သူတို့ ၅ ယောက်ရဲ့ သဘောထားနဲ့ မခေါ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ တိုင်းပြည်တည်ငြိမ်ရေးအတွက် ကာလုံခေါ်ဖို့က အရေးအကြီးဆုံးလား။ တိုင်းပြည်အတွက် အဓိက အကျဆုံးက ကာလုံခေါ်ရေးလား” လို့ ပြောပါတယ်။

ဥပဒေအရ ကာလုံအစည်းအဝေးကို သမ္မတက ခေါ်ရမှာဖြစ်လို့ မလိုအပ်လို့ မခေါ်တာဘဲ ဖြစ်တယ်လို့ သူက ထပ်ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို သမ္မတ၊ ဒုသမ္မတ ၂ ယောက်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားပါတယ်။

သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ကာလုံလိုအဖွဲ့မျိုးဟာ လိုအပ်လို့ နိုင်ငံတကာမှာလည်း ရှိနေတယ်လို့ ပြောပါတယ်။

“နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် လိုလို့ ဖွဲ့ထားတာ။ လူတယောက်က အရာရာကို မသိနိုင်ဘူးလေ။ ကျွမ်းကျင်ရာကိုယ်စီရှိကြတယ်။ အခု တဦးတယောက်တည်း ဆုံးဖြတ်နေတာလား ဆိုတာကတော့ သိကြတဲ့အတိုင်းပေါ့။ ကျနော်တို့နိုင်ငံက ပိုပြီး လိုအပ်ပါတယ်။ အခုရင်ဆိုင်နေရတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခတွေရှိနေတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း မပြီးသေးဘူး။ ၂၀၁၆-၁၇ မှာလည်း အာဆာနဲ့ ကြုံခဲ့ရသေးတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ ကာလုံအစည်းအဝေးကို ပုံမှန်ပြုလုပ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

“ပုံမှန်အစည်းအဝေးလုပ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါမှ ရှေ့မှာ ဘာလုပ်ရမယ်ဆိုတာ သိလာမှာပေါ့။ အခုက လူကိုယ်တိုင်လာဖို့တောင် မလိုဘူးလေ။ အွန်လိုင်းကနေ လုပ်လို့ရနေတာပဲ” လို့ ဆိုပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါပြီးဖြစ်ပေမယ့် သူ့အတွက် ဥပဒေပြဋ္ဌာန်းဖို့တော့လိုသေးတယ်လို့လည်း သူက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013