DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် အုတ်လုပ်ငန်းရပ်ထားရသဖြင့် အလုပ်သမား ၄၀၀ ကျော် စားဝတ်နေရေး အခက်ကြုံ
DVB
·
August 10, 2020
ပုသိမ်တွင် အုတ်လုပ်ငန်းရပ်ထားရသဖြင့် အလုပ်သမား ၄၀၀ ကျော် စားဝတ်နေရေး အခက်ကြုံ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အုတ်လုပ်ငန်း ရပ်နားထားရတာကြောင့် အလုပ်သမား ၄၀၀ ကျော် စားဝတ်နေရေးအခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

ပုသိမ်မြို့၊ ပေါက်ကုန်းကျေးရွာက အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ ၃၆ ဦးကို အခြားမြေသုံးစွဲခွင့် ပုံစံမရှိတဲ့အတွက် တာဝန်ရှိသူတွေက လုပ်ငန်းရပ်ထားဖို့ တားမြစ်ခဲ့တာကြောင့် ၂ လကျော် ကြာမြင့်လာချိန်မှာ စားဝတ်နေရေး အခက်အခဲရှိလာတာလို့ လုပ်ငန်းရှင် ဦးကြည်လွင်က DVB ကို ပြောပါတယ်။

“အခြားမြေသုံးစွဲခွင့်မရှိဘူးဆိုပြီး လူတစ်ယောက်က တိုင်လိုက်တော့ ဒါကို လုပ်ငန်းရပ်နားရမယ်ဆိုပြီး ပြောလာတယ်၊ လုပ်ငန်းလုပ်ကိုင်ခွင့်ပြန်ရဖို့ အခြားမြေသုံးစွဲခွင့် လျှောက်ခိုင်းလို့ လျှောက်ပါတယ်၊ ဒါပေမယ့် ကြာနေတော့ ဒီဘက်က လုပ်ငန်းရပ်နားထားရတာ ကြာလာတာပေါ့၊ အဲဒီတော့ ခုလိုအခက်အခဲတွေ ဖြစ်လာတာပါ။”

ပေါက်ကုန်းကျေးရွာမှာ အုတ်ဖုတ်လုပ်ငန်းကို လုပ်ကိုင်ခဲ့တာ ၂၅ နှစ်ကျော် သက်တမ်းရှိခဲ့သလို ဥယျာဉ်ခြံမြေကို အခြားမြေသုံးစွဲခွင့် လျှောက်ထားဖို့ မသိသလို အခွန်ဆောင်ဖို့လည်း မသိခဲ့တာကြောင့် တရားစွဲခံရတာမျိုးလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အုတ်ဖုတ်လုပ်ငန်း အဆင်ပြေချိန်မှာ လုပ်သား ၁ ဦးကို ၃၀၀၀ ကနေ ၆၀၀၀ နီးပါး ရရှိခဲ့လို့ စားဝတ်နေရေး အဆင်ပြေခဲ့ပြီး လုပ်ငန်းတွေ ရပ်နားထားချိန်မှာ အလုပ်မရှိတော့လို့ အခြားအလုပ်တွေ ရှာဖွေပေမဲ့ အဆင်မပြေတာကြောင့် စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေရတယ်လို့ အုတ်ဖုတ်လုပ်သား ဒေါ်တင်တင်ဝင်းက ပြောပါတယ်။

“ခုက အလုပ်မရှိတော့ အခြားအလုပ်တွေလည်း ရှာမရတော့ ပုံမှန်ငွေလည်း မရှိတော့ဘူး၊ တခြားကနေလှည့်ပြီး သုံးတာတွေ၊ ပေါင်းနှံစားတာတွေ လုပ်နေရပါတယ်၊ အဓိကတော့ ဒီဒေသက လူတွေက ဒီလုပ်ငန်းကို အဓိကလုပ်ကြတာပါ၊ ဒီလုပ်ငန်းကို အမြန်ပြန်ဖွင့်ပေးစေချင်ပါတယ်။”

လုပ်ငန်းတွေ ရပ်လိုက်ရတာကြောင့် လယ်ကွင်းထဲ ကိုင်းထောင်၊ ငါးဖမ်းပြီး စားနေရသလို ကလေးတွေကိုလည်း ကျောင်းထားနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပေါက်ကုန်းကျေးရွာက အုတ်လုပ်ငန်း လုပ်ကိုင်သူတွေကို အခြားမြေသုံးစွဲမရှိလို့ဆိုပြီး ဌာနဆိုင်ရာဝန်ထမ်းတွေက တားမြစ်ခဲ့ပေမယ့် ပေါက်ကုန်းကျေးရွာအနီးက အခြားကျေးရွာတွေမှာတော့ အခြားမြေသုံးစွဲမရှိသူတွေ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်နေကြတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အုတ်လုပ်ငန်း ရပ်နားခဲ့ရလို့ လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသူ ၄၀၀ ကျော်လောက် စားဝတ်နေရေး အခက်အခဲတွေရှိလာတာကြောင့် သြဂုတ်လ ၇ ရက်နေ့က ဧရာဝတီတိုင်း ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေဆီကို အုတ်ဖုတ်လုပ်ငန်း ယာယီပြန်လည် လုပ်ကိုင်ခွင့်ပြုဖို့ အသနားခံစာ တင်ပြခဲ့တယ်လို့ သိရပါတယ်။

မင်းထက်မုန်း(ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013