DVB Logo
Home
မြန်မာသတင်း
လိုင်စင်မရသဖြင့် ကြက်နှင့်ငါး တွဲဖက်မွေးမြူသူများ အခက်အခဲကြုံတွေ့
DVB
·
August 9, 2020
လိုင်စင်မရသဖြင့် ကြက်နှင့်ငါး တွဲဖက်မွေးမြူသူများ အခက်အခဲကြုံတွေ့
Donate to DVB

ကြက်နဲ့ငါး တွဲဖက်မွေးမြူသူတွေအတွက် ယာယီငါးမွေးမြူခွင့်လိုင်စင် ထုတ်မပေးတော့တာကြောင့် မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် အခက်အခဲ ရှိနေတယ်လို့ မန္တလေးတိုင်း ကြက်ဥကြက်သားမွေးမြူထုတ်လုပ်ရောင်းချသူများအသင်းကနေ သိရပါတယ်။

ယခင်က ကြက်နဲ့ငါး တွဲဖက်မွေးမြူဖို့အတွက် ငါးမွေးမြူခွင့် ယာယီလိုင်စင်ကို တနှစ်တခါ ထုတ်ပေးခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ကြက်နဲ့ငါးကို တွဲဖက်မမွေးဖို့ အမိန့်ထုတ်ခဲ့တာလို့ သိရပါတယ်။ 

အခုအချိန်မှာတော့ လိုင်စင် ထပ်ထုတ်မပေးတော့တာကြောင့် အခက်အခဲဖြစ်နေတယ်လို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ကြက်ဥကြက်သားမွေးမြူထုတ်လုပ်ရောင်းချသူများအသင်းဥက္ကဋ္ဌဒေါက်တာ နေသူရိန်က "ကြက်နဲ့ငါးနဲ့ တွဲပြီးတော့ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ မမွေးစေချင်ဘူးပေါ့။ အကြောင်းပြတာက အိတ်စ်ပို့ ပို့ရတာ ခက်လိမ့်မယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ ကြက်နဲ့ငါးနဲ့တွဲမွေးထားတဲ့ ငါးတွေကကျတော့ အိတ်စ်ပို့ ဆိုဒ်လည်း မဟုတ်ပါဘူး။ ဒီငါးတွေက ငါးဆယ်သား၊ အလွန်ဆုံးကြီးရင် တစ်ပိဿာပဲ၊ အိတ်စ်ပို့ဆိုဒ်ဆိုတာ 2KG အထက်ဆိုတာ တစ်ပိဿာနှစ်ဆယ်အထက်၊ တစ်ပိဿာငါးဆယ်အထက်၊ အဲ့လိုမျိုးတွေလည်း ကြက်နဲ့ငါးနဲ့တွဲမွေးတဲ့  ခြံတွေကနေ မထွက်ပါဘူး။ အဲ့ကျတော့ အိတ်စ်ပို့ငါးက သူဟာသူ သီးသန့်ပါပဲ၊ အဲ့တော့ သူတို့ အိတ်စ်ပို့အတွက်ကို စိုးရိမ်နေတဲ့ ကိစ္စကလည်း ပြဿနာမရှိတော့ဘူး" လို့ ပြောပါတယ်။

ဒါ့အပြင် လိုင်စင် မရတော့တာကြောင့် တရားမဝင်မွေးမြူတဲ့သဘောမျိုး ဖြစ်လာတဲ့အပြင် နောက်ပိုင်းမှာ ချေးငွေမရတော့တဲ့ အခက်အခဲမျိုးအထိ နစ်နာထိခိုက်လာတာတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။

ဒေါက်တာ နေသူရိန်က "တရားမဝင်လိုမျိုး လိုင်စင်ထုတ်မပေးထားဘူးဆိုရင်တော့ တချိန်ချိန်ကျရင် ဖမ်းဆီးတာတွေ ဘာတွေ ဖြစ်လာနိုင်တယ်။ အထူးသဖြင့်ခုလို ကိုဗစ်-၁၉ ကိစ္စလိုမျိုး နိုင်ငံအတွက် စားနပ်ရိက္ခာထုတ်လုပ်ဖို့ အရေးကြီးနေတဲ့အချိန်တွေမှာ တစ်ချို့ကို ချေးငွေပေးပြီးတော့ တစ်ချို့ကို ချေးငွေ မပေးဘူး။ ဒါမျိုးတွေကျတော့ အဆင်မပြေဘူး။ လိုင်စင်ရှိတဲ့သူကို‌ ချေးငွေပေးပြီး လိုင်စင်မရှိတဲ့သူကို ချေးငွေမပေးဘူ။ ဒါပေမဲ့ သူတို့လည်း ငါးမွေးမြူထုတ်လုပ်နည်းစနစ်ကို သေသေချာချာ စနစ်တကျထုတ်လုပ်နေတာပဲ၊ အခွင့်အရေးတွေကို ကန့်သတ်လိုက်သလိုတော့ ဖြစ်သွားတာပေါ့" လို့ ပြောပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာသာ ကြက်နဲ့ငါးကို သီးခြားစီ မွေးမြူကြတာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ တွဲဘက်မွေးမြူတဲ့စနစ်ကသာ အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။

တွဲဖက်မွေးမြူတာကြောင့် ယင်ကောင် မရှိတော့တာ၊ အနံ့အသက်မရှိတော့တာ၊ အစာစရိတ် လျော့ကျလာတာ၊ ပိုမိုသန့်ရှင်းလာတာတွေအပြင် အစာကွင်းဆက်စနစ်ကို ပိုမိုအားပေးတဲ့ မွေးမြူပုံ ဖြစ်စေတယ်လို့ သိရပါတယ်။

ကြက်ချေးကို အစာတစိတ်တပိုင်းအဖြစ် ပြန်လည်အသုံးပြုတဲ့ ကြက်နဲ့ငါး တွဲဖက် မွေးမြူရေးစနစ်ဟာ လူ့ကျန်းမာရေးအတွက် ထိခိုက်စေနိုင်တယ်ဆိုတဲ့ ဝေဖန်ချက်တွေဟာလည်း မှန်ကန်မှုမရှိဘူးလို့ ဆိုပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အခုလိုမွေးမြူမှုဟာ အသင့်တော်ဆုံးဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization-FAO) က ထောက်ခံထားတဲ့ မွေးမြူနည်းစနစ်ဖြစ်တယ်လို့လည်း သိရပါတယ်။

မန္တလေးတိုင်းမှာတော့ ကြက်နဲ့ငါး တွဲဖက်မွေးမြူတဲ့ ဧက ကိုးထောင်ခန့်ရှိပြီး မန္တလေးမြို့ အနီးတစ်ဝိုက်နဲ့ မတ္တရာမြို့အနီးမှာ အဓိက မွေးမြူကြတယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013