
အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ ယာယီအစီအစဉ်တခုကို အိုမန်နိုင်ငံဆီမှာ အဆိုပြုခဲ့ပါတယ်။
ဒီအစီအစဉ်ထဲမှာ လမ်းကြောင်းတခုက အီရန်ရေပိုင်နက်ကို ဖြတ်သန်းမှာဖြစ်ပြီး ဆန့်ကျင်ဘက် လမ်းကြောင်းရဲ့ အစိတ်အပိုင်းတခုဟာလည်း အီရန်ရေပိုင်နက်ထဲမှာ ရှိနေမယ်လို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရီဘာဒီက ဇူလိုင် ၂၈ ရက်မှာ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြောပါတယ်။
အီရန်အစိုးရက ၂ နိုင်ငံအကြား သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို တန်းတူခွဲဝေပေးဖို့ အိုမန်အစိုးရရဲ့ အဆိုပြုချက်ကို ပယ်ချခဲ့ပြီး ရေရှည် ဒေသတည်ငြိမ်မှု မရမချင်း အီရန်အစိုးရရဲ့ လုံခြုံရေးစိုးရိမ်ချက်တွေကို ဖြေရှင်းမှာ မဟုတ်ဘူးလို့ ဂါရီဘာဒီက ပြောပါတယ်။
အီရန်ရဲ့ အဆိုပြုချက်ကို အိုမန်အစိုးရဘက်က ပယ်ချရင် ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားဦးမယ်လို့ သူက ဆက်ပြောပြီး အီရန်အစိုးရက အိုမန်ကမ်းရိုးတန်းတလျှောက် တောင်ပိုင်းလမ်းကြောင်းကို ဘယ်သောအခါမှ အသိအမှတ်မပြုခဲ့ဘူးလို့ ထပ်ပြောခဲ့ပါတယ်။
ဂါရီဘာဘာဒီက အီရန်အစိုးရဟာ ယာဉ်ကြောခွဲခြားရေး အစီအစဉ် (TSS) ကို အသိအမှတ် မပြုတော့ဘူးလို့ အိုမန်အစိုးရကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။
ရေလမ်းကြောင်းရဲ့ အလယ်မှာရှိတဲ့ ဒီလမ်းကြောင်းဟာ အများအားဖြင့် အိုမန်ရေပိုင်နက်ထဲမှာရှိပြီး ဖေဖော်ဝါရီလကုန်ပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်တာကို ခံရပြီးတဲ့နောက် ဖြတ်သန်းသွားလာနေတဲ့ အီရန်သင်္ဘောတွေကို စောင့်ကြည့်ဖို့ လိုအပ်ချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်လို့ ငြင်းခုံခဲ့ပါတယ်။
နိုင်ငံတကာ ရေကြောင်းအဖွဲ့အစည်းကနေ အတည်ပြုထားတဲ့ TSS ဟာ မိုင်းအန္တရာယ်ကြောင့် လက်ရှိမှာ မသုံးနိုင်သေးဘဲ အီရန်ရဲ့ မြောက်ပိုင်းလမ်းကြောင်းနဲ့ အိုမန်ရဲ့ တောင်ပိုင်းလမ်းကြောင်းနဲ့ အစားထိုးထားပါတယ်။
ဂါရီဘာဘာဒီက “ဒါက အမျိုးသားလုံခြုံရေးအတွက်ဖြစ်ပြီး အနိုင်ကျင့်တာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ TSS ဟာ အိုမန်ရေပိုင်နက်မှာ နှစ် ၆၀ ကြာ ရှိနေတုန်းက ကျနော်တို့ ဘာမှ မပြောခဲ့ပါဘူး” လို့လည်း ပြောပါတယ်။
အီရန်သံတမန်ကလည်း အိုမန်က ဖိတ်ကြားရင်တောင် အီရန်အစိုးရဟာ တတိယနိုင်ငံတွေကို ဟော်မုဇ်ရေလက်ကြားကို မိုင်းရှင်းလင်းဖို့ ခွင့်မပြုဘူးလို့ သတိပေးခဲ့ပါတယ်။
Source: Reuters










