DVB Logo
Home
မြန်မာသတင်း
ထောက်ပံ့ကြေး ၃ သောင်းကို ကိုယ်ဝန်ဆောင်သည်များ မိုဘိုင်းအပလီကေးရှင်းက လျှောက်နိုင်
DVB
·
August 9, 2020
ထောက်ပံ့ကြေး ၃ သောင်းကို ကိုယ်ဝန်ဆောင်သည်များ မိုဘိုင်းအပလီကေးရှင်းက လျှောက်နိုင်
Donate to DVB

ပြည်နယ်နဲ့တိုင်းဒေသကြီး ၉ ခုက ကိုယ်ဝန်ဆောင်သည်တွေကို ထောက်ပံ့ကြေး ၃ သောင်းပေးဖို့  မိုဘိုင်းအပလီကေးရှင်းကနေ လျှောက်ထားနိုင်အောင် စီစဉ်ထားတယ်လို့ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲက ပြောပါတယ်။ 

ကိုဗစ်-၁၉ ကာလအတွင်း နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေက  ကိုယ်ဝန်ဆောင်သည်တွေအတွက် တကိုယ်ရေသုံးပစ္စည်းဝယ်ယူဖို့စတဲ့ ထောက်ပံ့ငွေကျပ် ၃ သောင်း တကြိမ်ထောက်ပံ့ဖို့ စီစဉ်နေတာပါ။ 

ဒီထောက်ပံ့မှုတွေကိုတော့ Google Play Store နဲ့ Apple Store တို့ကနေ ငွေဗိုက်အပလီကေးရှင်းကို ဒေါင်းလုပ်ရယူပြီး လျှောက်ထားရမှာပါ။ 

ဒါ့အပြင် နီးစပ်ရာလူကယ်ပြန်ရုံးတွေမှာ လူကိုယ်တိုင်လျှောက်ထားနိုင်သလို အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတွေကနေလည်း လျှောက်ထားနိုင်တယ်လို့ ပြောပါတယ်။ 

မိုဘိုင်းအပလီကေးရှင်းနဲ့ လျှောက်ထားတာဟာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ဒေတာအချက်အလက်တွေကို စောင့်စရာမလိုသလို တဆင့်ခံပေးစရာမလိုတဲ့အတွက် သုံးစွဲသူလက်ထဲကို ထောက်ပံ့ကြေး မြန်မြန်ရောက်နိုင်ပြီး အချက်အလက်မှန်မမှန် အချိန်နဲ့တပြေးညီစစ်ဆေးနိုင်တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖူးငုံလှိုင်က ပြောပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ အစိုးရဆေးရုံ၊ ကျန်းမာရေးဌာနတွေရဲ့ ထောက်ခံချက်ဖြစ်စေ၊ တရားဝင်မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေရဲ့ ထောက်ခံချက်ရယူပြီး သြဂုတ် ၁၁ ရက်နေ့ကနေ စက်တင်ဘာ ၁၅ ရက်အတွင်း လျှောက်ထားရမှာပါ။ 

ဆင်းခြေဖုံးရပ်ကွက်က ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ဖုန်းအသုံးမပြုနိုင်သူတွေရှိနေသလို နည်းပညာနားမလည်နိုင်တာတွေနဲ့ အစိုးဌာနတွေကို မသွားတတ်တာကြောင့် ရပ်ကွက်ရုံးတွေကနေ စာရင်းကောက်ယူပေးဖို့ ကိုယ်ဝန်ဆောင်သည်တဦးဖြစ်တဲ့ မသန္တာဝင်းက တောင်းဆိုပါတယ်။

အစိုးရထောက်ပံ့မှုပေးမယ့်အပေါ် ရပ်ကွက်ရုံးတွေမှာ ကိုယ်ဝန်ဆောင်သည်အားလုံးကို တနေရာတည်းမှာခေါ်ပြီး လျှောက်ထားနိုင်အောင်လုပ်ပေးမှသာ အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကစပြီး ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သူတို့ရဲ့ မွေးဖွားလာတဲ့ကလေးတွေကို ၂ နှစ်သားအရွယ်အထိ ၃ လတစ်ကြိမ် ငွေကြေးထောက်ပံ့မှုတွေ ပေးနေတာပါ။ 

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကရင်နဲ့ကယားပြည်နယ်တွေက မိခင်နဲ့ကလေး ၂ သိန်းကျော်ကို ၃ လတကြိမ် ငွေကြေးထောက်ပံ့ပေးနေသလို ဧရာဝတီတိုင်းနဲ့ရှမ်းပြည်နယ်ကိုလည်း ၃ လတကြိမ‌ေ ထောက်ပံ့မှုပေးတာ တိုးမြှင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013