မွေးရာပါ နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ဖို့ ကြိုးစားမှုကို အမေရိကန်တရားရုံးချုပ်က ပယ်ချခဲ့အပြီးမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ လက်ထောက်တွေနဲ့ MAGA အုပ်စုဟာ နိုင်ငံခြားသား ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို အမေရိကန်ပြည်ဝင်ခွင့် မပေးဖို့ ကြိုးစားနေတယ်လို့ Axios သတင်းဌာနက ဖော်ပြပါတယ်။
မိဘတွေက အမေရိကန်နိုင်ငံသား မဟုတ်ရင် အမေရိကန်မှာမွေးတဲ့ ကလေးတွေကို နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်မဲ့ ထရမ့်ပ်ရဲ့ အမိန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ တရားရုံးချုပ်က ဇွန် ၃၀ ရက်မှာ ဆုံးဖြတ်ခဲ့တာပါ။
ဒီဆုံးဖြတ်ချက် ထွက်ပြီးနောက်မှာတော့ အမေရိကန်ကို ဝင်လာမဲ့သူတွေနဲ့ ပတ်သက်ပြီး သေချာစဉ်းစားဖို့ လိုတယ်လို့ ထရမ့်ပ်ရဲ့ အကြံပေး စတီဖင် မေလာက ပြောပါတယ်။
အမေရိကန်နိုင်ငံသား မဟုတ်တဲ့ သူတွေကနေ မွေးလာတဲ့ကလေးတွေဟာ နိုင်ငံသားဖြစ်ခွင့်နဲ့ လူမှုဖူလုံရေး ခံစားခွင့်တွေ ရရှိသွားနိုင်လို့ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ရအောင် တမင်လာရောက်မွေးဖွားတဲ့ အစီအစဉ်တွေကို စုံစမ်းစစ်ဆေးဖို့ တရားရေးဝန်ကြီးဌာနက ဇွန် ၃၀ ရက်မှာပဲ အစိုးရရှေ့နေတွေကို ညွှန်ကြားထားပါတယ်။
အဲဒီလို လာရောက်သူတွေဟာ ဗီဇာလျှောက်ထားချိန်မှာ ခရီးစဉ်ရည်ရွယ်ချက်ကို လိမ်လည်လေ့ရှိတာကြောင့် ဗီဇာလိမ်လည်မှု အပါအဝင် တခြားစွဲချက်တွေနဲ့ အရေးယူနိုင်တယ်လို့ လက်ထောက်ရှေ့နေချုပ် ကောလင်း မက်ဒေါ်နယ်က ထောက်ပြပါတယ်။
အမေရိကန်မှာ နှစ်စဉ် ကလေးမွေးဖွားသူ ၃ သန်းကျော် ရှိတဲ့အထဲကမှ နိုင်ငံခြားသားတွေ လာရောက်မွေးဖွားမှုက ၂၀,၀၀၀ ကနေ ၂၆,၀၀၀ ကြား ရှိပါတယ်။
ဒါပေမဲ့ ဘယ်အမျိုးသမီးက ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ အချက်အလက်တွေကို အစိုးရက ရယူသုံးစွဲလာမဲ့အပေါ် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။










