DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမ ၁ ဦးကို အဓမ္မကျင့်ခဲ့သည့် ထိုင်းအမျိုးသား ထောင်ဒဏ် ၁၂ နှစ်ခွဲကျော်နှင့် ငွေဒဏ်ချမှတ်ခံရ 
DVB
·
August 5, 2020
မြန်မာအလုပ်သမ ၁ ဦးကို အဓမ္မကျင့်ခဲ့သည့် ထိုင်းအမျိုးသား ထောင်ဒဏ် ၁၂ နှစ်ခွဲကျော်နှင့် ငွေဒဏ်ချမှတ်ခံရ 
Donate to DVB

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်းနွဲ့မြို့နယ်ရှိ ဆောက်လုပ်ရေးပစ္စည်းစက်ရုံမှာ ပြီးခဲ့တဲ့နှစ်က မြန်မာအလုပ်သမ ၁ ဦး အဓမ္မပြုကျင့်အကြမ်းဖက်ခံရတာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ ထိုင်းလူမျိုး ၁ ဦးကို အယုဒ္ဓယခရိုင်တရားရုံးက ထောင်ဒဏ်ရော ငွေဒဏ်ပါ ချမှတ်လိုက်ပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့  နိုင်းကစ်သီဖုန်း ခေါ် ဂွပ်ဖ် ယာ့ပါတန် (အသက် ၃၃ နှစ်)ကို အယုဒ္ဓယခရိုင်တရားရုံးက ဩဂုတ် ၄ ရက်နေ့က တရားခွင်မှာ ထောင်ဒဏ် ၁၂ နှစ် ၆ လ ၂၀ ရက် ကျခံဖို့နဲ့ မိန်းကလေးကို နစ်နာကြေးအဖြစ် ငွေဒဏ် ဘတ် ၂၇၃၅၀၀ ဘတ်ပေးလျော်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့  ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း HRDF က ထုတ်ပြန်ပါတယ်။ 

အဆိုပါမိန်းကလေးဟာ အဓမ္မကျင့်ကြံမှုနဲ့ အကြမ်းဖက်ခံရကြောင်း နယ်မြေရဲစခန်း၊ မြို့နယ်ရဲစခန်းတွေကို တိုင်ကြားခဲ့တဲ့အပြင် HRDF အဖွဲ့အစည်းကိုလည်း အကူအညီတောင်းထားတဲ့အတွက် ဒီအမှုမှာ တစိုက်မတ်မတ် ကူညီပါဝင်ဆောင်ရွက်ပေးခဲ့တယ်လို့  HRDF အဖွဲ့ဝင် စိုင်းပိုင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီအမှုဖြစ်တာကတော့ မနှစ်ဇူလိုင်လကတည်းကပါ။ တရားခံက ထွက်ပြေးလွတ်မြောက်နေ ပြီး ဒီဇင်ဘာလမှာ ဖမ်းမိတယ်။ ကျနော်တို့ HRDF အဖွဲ့ ရှေ့နေကလည်း မိန်းကလေး တရားမျှတမှု ရဖို့ သူ့ဘက်ကနေ ရှေ့နေ လိုက်လုပ်ပေးတာ။ တရားရုံးကို အခေါက်ခေါက် အခါခါသွားပြီး မနေ့ကတော့ တရားသူကြီးက အပြီးသတ်အမိန့်ချမှတ်လိုက်တာပါ။ နစ်နာတဲ့ မိန်းကလေးလည်း လာနားထောင်တယ်။ သူ့အနေနဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ပေါ် ကျေနပ်တယ်လို့ ပြောပါတယ်။”

နစ်နာသူမိန်းကလေးမှာ အသက် ၃၂ နှစ်ရွယ်ရှိ (နောင့်အဲ - အမည်ရင်းမဟုတ်) ဆိုသူဖြစ်ပြီး ကရင်ပြည်နယ်ကနေ အယုဒ္ဓယခရိုင် ဝမ်းနွဲ့မြို့နယ်ရှိ ဆောက်လုပ်ရေးပစ္စည်းစက်ရုံမှာ သန့်ရှင်းရေးအလုပ်သမအဖြစ် လာရောက်လုပ်ကိုင်နေတာပါ။ 

ပြီးခဲ့တဲ့နှစ် ဇူလိုင်လ  ၃၁  ရက်နေ့က မနက်စောစော အလုပ်ဆင်းချိန်  စက်ရုံလုပ်သား တစ်ဦးဖြစ်တဲ့ နိုင်းကစ်သီဖုန်းက ရောက်လာပြီး သူ့ကိုအိမ်သာထဲဆွဲခေါ်ကာ မအော်နိုင်အောင် အဝတ်နဲ့ ပါးစပ်ကိုပိတ်ဆို့ကာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်မိန်းကလေးက ပြန်ပြောပြပါတယ်။ 

အဲဒီနောက် သူ့ကိုသံကြိုးနဲ့ထပ်ချည်ပြီး စက်ရုံအနောက်ဘက် ခြုံပုတ်ထဲထိ ဒရွတ်တိုက်ဆွဲ သွားကာ အဓမ္မထပ်ကျင့်သလို မျက်နှာနဲ့တစ်ကိုယ်လုံးကိုထိုးနှက်ခဲ့ကြောင်း၊ သူမကိုလည်း ဓာတ်ဆီ လောင်းပြီး မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ သူမက သေချင်ယောင်ဆောင်လိုက်တဲ့အခါမှာ နိုင်းကစ်သီဖုန်းက သူမအမှန်တကယ်သေသွားပြီထင်ပြီး ထွက်သွားတယ်လို့ ဆိုပါတယ်။  ဒီနောက်မှာတော့ စက်ရုံကို အပြေးပြန်လာပြီး စက်ရုံတာဝန်ရှိသူတွေကို တိုင်ကြားခဲ့တာပါ။ 

တာဝန်ရှိသူတွေက စီစီကင်မရာတွေ ပြန်စစ်ရာမှာ နိုင်းကစ်သီဖုန်းက အမှန်တကယ်ဘဲ နောင့်အဲကို ဆွဲခေါ်သွားတာတွေ့ရှိပြီး နိုင်းကစ်သီဖုံးကတော့ ထွက်ပြေးတိမ်းရှောင်သွားပါတယ်။ 

နိုင်းကစ်သီဖုန်းကို ဖမ်းဆီးရမိဖို့  ဝမ်းနွဲ့အယုဒ္ဓယရဲစခန်းကလည်း သတင်းပေးနိုင်သူကို ဘ တ် ၅၀၀၀ ဆုချမယ်လို့ ကြေညာခဲ့ပါတယ်။ 

၂၀၂၀ ဒီဇင်ဘာ ၂၉ ရက်နေ့မှာတော့ ဘန်ကောက် ပရဝေ့နယ်မြေ အွန်နွတ်လမ်းထဲက ကျောက်ပြားစက်ရုံတစ်ရုံမှာ နိုင်းကစ်သီဖုန်းနဲ့ တူတဲ့ လူတယောက် အလုပ်လုပ်နေကြောင်း သတင်း ပေးချက်ရလို့ ရဲတွေက သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

နိုင်းကစ်သီဖုန်းကတော့ နောင့်အဲဟာ သူ့မိန်းမရဲ့အလုပ်ကို ဝင်လုလို့ သူ့မိန်းမအလုပ်ပြုတ်ရ တဲ့အပေါ် အငြိုးနဲ့ အခုလို လုပ်ဆောင်ခဲ့တာလို့  ထွက်ဆိုသွားပါတယ်။ 

SOURCE- HRDFoundation

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013