ပဲခူးတိုင်း အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ၂ နေရာ အစားထိုးလဲလှယ်
DVB
·
August 5, 2020

၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ၁၂ ဦးကို အစားထိုးပြောင်းထားရာမှာ ပဲခူးတိုင်းက ကိုယ်စားလှယ် ၂ ဦးပါ၀င်တယ်လို့ ပဲခူးတိုင်း အန်အယ်လ်ဒီပါတီ အတွင်းရေးမှူး ဦးကျော်၀င်းက ပြောပါတယ်။
“အဖွဲ့ချုပ်အနေနဲ့ မူလထွက်တဲ့ကြေညာတဲ့ စာရင်းမှာမဲဆန္ဒနယ် ၂ ခုပြောင်းတယ်ပေါ့နော်။ အဲဒါက တိုင်းဒေသကြီး ၁ ခုနဲ့ အမျိုးသားလွှတ်တော် ၁ နေရာကို အမည်စာရင်းပြောင်းတာ” လို့ ဦးကျော်၀င်းက ပြောပါတယ်။
တိုင်းဒေသကြီး လွှတ်တော်အတွက် ရွှေကျင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က ဝင်ပြိုင်မယ့် ဦးမင်းသန်းစိုးနေရာမှာ အရင်ကိုယ်စားလှယ်ဟောင်း ဦး၀င်းမြင့်ကိုပဲ ပြန်လည် အစားထိုး ရွေးချယ်ထားတာပါ။
နတ်တလင်း၊ ဇီးကုန်းနဲ့ ကြို့ပင်ကောက် ၃ မြို့နယ်ပါဝင်တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀)ကနေ ဝင်ပြိုင်မယ့် ဒေါ်ခင်ငြိမ်းငြိမ်းအိ နေရာမှာ နတ်တလင်းမြို့နယ်က ဦးရဲမင်းကို ကိုယ်စားလှယ်လောင်းအဖြစ် အစားထိုး ရွေးချယ်ထားတယ်လို့ ပဲခူးတိုင်း အန်အယ်လ်ဒီပါတီ အတွင်းရေးမှူး ပြောပါတယ်။
အခုလို ကိုယ်စားလှယ်လောင်းအမည်အစာရင်း ပြောင်းလဲသွားတာနဲ့ပတ်သက်ပြီး ဘာကြောင့် ပြောင်းတယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်တွေထဲမှာလည်း မပါတဲ့အတွက် မသိဘူးလို့ ဆို ပါတယ်။
သတင်း - အောင်စိုးမိုး