
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Myanmar Chaofa Leatherware အိတ်ချုပ်စက်ရုံမှာ လုပ်ခတိုးမြှင့်ပေးဖို့နဲ့ အခြေခံရပိုင်ခွင့်တွေအတွက် အလုပ်သမားတွေ တောင်းဆို နေကြပြီး ပြေလည်မှု မရသေးဘူးလို့ အဲဒီစက်ရုံအခြေအနေကို စောင့်ကြည့်နေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ပြောပါတယ်။
အလုပ်သမားတွေက လက်ရှိ Day ကြေးဖြစ်တဲ့ စက်မြင့်သုံးရသူတွေအတွက် ၁၀,၇၀၀ ကျပ်၊ စက်နိမ့်အတွက် ၁၀,၅၀၀ ကျပ်အစား တပြေးညီ ၁၂,၀၀၀ ကျပ်ပေးဖို့နဲ့ အချိန်ပိုကြေးကို ၂၀,၀၀၀ ကျပ်အစား ၃၀,၀၀၀ ကျပ်တိုးပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရက်မှန်ကြေး ၃၀,၀၀၀ အစား ၅၀,၀၀၀ ကျပ် တိုးပေးဖို့နဲ့ တောင်းဆိုနေတဲ့ အလုပ်သမား တွေကို ဖယ်ရီကား၊ အိမ်သာနဲ့ သောက်ရေ ဖြတ်တောက်တာတွေ မလုပ်ဖို့လည်း ထည့်သွင်းထား ပါတယ်။
အဲဒီ Myanmar Chaofa Leatherware စက်ရုံလုပ်သားတယောက်က “ညှိနှိုင်းတာ မပြေလည် သေးဘူး။ စက်ရုံဘက်က မဆိုစလောက်ဘဲ လိုက်လျောပေးတာကို အလုပ်သမားတွေ လက်မခံတာ” လို့ ပြောပါတယ်။
စက်ရုံဘက်က ဒေးကြေးကို ၃၀၀ ကျပ်နဲ့ ရက်မှန်ကြေးကို ၁,၀၀၀ ကျပ်ပဲ တိုးပေးမယ်လို့ အသိပေး ထားခဲ့ပြီး အလုပ်တရက်ပျက်ရင် ၂၀,၀၀၀ ကျပ်၊ နှစ်ရက်ပျက်ရင် ၄၀,၀၀၀ ကျပ်နဲ့ ခွင့်မဲ့ပျက်ရင် ၄၀,၀၀၀ ကျပ် ပြန်ဖြတ်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇွန် ၂၂ ရက်မှာ နေ့လယ် ၂ နာရီမတိုင်ခင် အလုပ်ပြန်ဝင်ရင် တောင်းဆိုမှုလုပ်ခဲ့တဲ့ နေ့တွေအတွက် ဒေးကြေး၊ ရက်မှန်ကြေးတွေ ထည့်တွက်ပေးမယ်ဆိုပြီးလည်း စက်ရုံဘက်က အသိပေး ထုတ်ပြန်ထားပါတယ်။
စက်ရုံဘက်က တောင်းဆိုမှုလုပ်နေကြသူတွေကို No Work, No Pay ကြေညာတာဖြစ်ပြီး အလုပ်သမားတွေက လက်မခံဘူးလို့ STUM က ဆိုပါတယ်။
“စက်ရုံဘက်မှ မြို့နယ်အလုပ်သမားရုံး ဦးစီးအရာရှိများကိုခေါ်ပြီး စက်ရုံတွင်း အတင်းအကျပ် သဘောတူစာချုပ် လက်မှတ်ထိုးခိုင်းတာကို အလုပ်သမားများမှ လက်မခံဘဲ ဆက်လက်တောင်းဆိုမှု လုပ်လျက်ရှိတယ်” လို့ STUM က ထုတ်ပြန်ပါတယ်။
ရွှေပြည်သာမြို့နယ်၊ အလုပ်သမားရုံး ဦးစီးအရာရှိတွေက တောင်းဆိုကြတဲ့ စက်ရုံဆီ လာရောက်ကာ တဖက်သတ် ညှိနှိုင်းခဲ့သလို လုပ်ငန်းရှင်ကားနဲ့ လိုက်ပါသွားကြတဲ့ သူတို့ရဲ့ ညှိနှိုင်းမှုအခြေအနေကို စောင့်ကြည့်မှတ်တမ်းယူသွားမယ်လို့ STUM က အသိပေးထားပါတယ်။
ဒါ့အပြင် ဝါးတရာစက်မှုဇုန်မှာ ဖွင့်ထားတဲ့ Chi Sheng အထည်ချုပ်စက်ရုံမှာလည်း လုပ်ခတိုးမြှင့်ပေးဖို့ အပါအဝင် တခြားလိုလားချက်တွေကို ဇွန် ၁၇ ရက်ကစပြီး တောင်းဆိုနေကြ ပါတယ်။
အဲဒီစက်ရုံမှာ ၂၀၂၅ ခုနှစ်က အခုလို တောင်းဆိုခဲ့မှုရှိခဲ့ပြီး နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်ထဲမှာ တနှစ်အတွင်း နောက်ထပ်တောင်းဆိုတာ မလုပ်ဖို့ဆိုတဲ့အချက် ပါခဲ့တာကြောင့် တနှစ်ပြည့်တော့မှ နောက်ထပ် လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုတာလို့ အဲဒီစက်ရုံ အလုပ်သမားတွေက ဆိုပါတယ်။
Chi Sheng စက်ရုံအလုပ်သမားတချို့က တရက်လုပ်ခ ( Day ကြေး) ၁၂,၅၀၀ ကျပ်၊ အချိန်ပို (OT) ကြေး တနာရီ ၂,၅၀၀ ကျပ်၊ ရက်မှန်ကြေး ၆၀,၀၀၀ ကျပ် ပေးဖို့နဲ့ ကျွမ်းကျင်ကြေး (Grade ကြေး) ကို ခွဲခြားတာမရှိဘဲ တန်းတူပေးဖို့ဆိုတဲ့ အချက်တွေ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
နာမည်ကြီး ကုန်အမှတ်တံဆိပ် Next အဝတ်အထည်ကို အော်ဒါယူချုပ်နေတဲ့ Chi Sheng စက်ရုံမှာ လုပ်ငန်းခွင် အငြင်းပွားရင် ညှိနှိုင်းရမဲ့ လုပ်ငန်းကော်မတီ (WCC) ဖွဲ့ထားတာ မရှိတဲ့အပြင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချုပ်ဆိုထားတာလည်း မရှိဘူးလို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။










