
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ က Spring Moon Garment အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ ခံစားခွင့် တိုးမြှင့်ပေးရေး တောင်းဆိုမှုဟာ ၃၃ ရက်မြောက်နေ့အထိ ပြေလည်မှု မရသေးဘဲ ဆက်လက်တောင်းဆိုနေကြပါတယ်။
အလုပ်သမား ၁၃၅ ယောက်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကစပြီး ဒေးကြေး ၁၃,၀၀၀ ကျပ်၊ အချိန်ပိုကြေး ၂,၅၀၀ ကျပ်၊ ရက်မှန်ကြေး ၅၀,၀၀၀ ကျပ်နဲ့ ကျွမ်းကျင်ကြေး တိုးမြှင့်ပေးရေး အပါအဝင် အချက်တွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။
တောင်းဆိုမှုအတွင်း အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကြား ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမဲ့ တောင်းဆိုချက်တွေအပေါ် သဘောတူညီမှု မရသေးတာကြောင့် အလုပ်သမားတွေက ဆက်လက်တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
Spring Moon Garment စက်ရုံဟာ အလုပ်သမား ၂၀၀ ကျော်နဲ့ CMP စနစ်အတိုင်း လည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံဖြစ်ပြီး ဂျပန်နိုင်ငံထုတ် SUIRAN၊ Makku အမှတ်တံဆိပ်တွေနဲ့ အီတလီ Brand အထည်တွေကို အဓိက ချုပ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်ပါတယ်။










