DVB Logo
Home
မြန်မာသတင်း
လုပ်ခတိုးတောင်းသည့် အလုပ်သမားများကို စစ်တပ်နှင့် ရဲခေါ်ကာ ဖိအားပေး ခြိမ်းခြောက်
DVB
·
February 16, 2026
လုပ်ခတိုးတောင်းသည့် အလုပ်သမားများကို စစ်တပ်နှင့် ရဲခေါ်ကာ ဖိအားပေး ခြိမ်းခြောက်
Donate to DVB

မြန်မာပြည်တွင်းက စက်ရုံတွေမှာ လုပ်အားခတိုးပေးဖို့ စုပေါင်းတောင်းဆိုတာတွေ ရှိပေမဲ့ လုပ်ငန်းရှင်တွေက စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတွေကို ခေါ်ပြီး အလုပ်သမားတွေကို ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေးနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတာကို ကာမိဖို့ အလုပ်သမားတွေဟာ ဖူလုံတဲ့ အနိမ့်ဆုံးလုပ်ခလစာအထိ တိုးမြှင့်ရရှိရေး စုပေါင်းတောင်းဆိုတာတွေ ရှိနေတာပါ။

အလုပ်သမားတွေ တောင်းဆိုတဲ့ အနိမ့်ဆုံး လုပ်ခလစာကတော့ ထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ထပ်တိုးပေးဖို့နဲ့ Day ကြေး ၁၃,၀၀၀ အထိ ထားရှိပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အလုပ်သမားတွေဟာ အနိမ့်ဆုံး လုပ်ခလစာနဲ့ ရက်မှန်ကြေးအပါ ငွေကျပ် ၁၀,၀၀၀ အောက်မှာ ရရှိနေတာပါ။

၂၀၂၆ နှစ်စအတွင်း လုပ်ခတိုးပေးဖို့ တောင်းဆိုခဲ့တဲ့ စက်ရုံ ၁၀ ရုံထက်မနည်း ရှိနေပြီး ဆန္ဒပြ တောင်းဆိုတဲ့ အလုပ်သမားတွေကို ဖိအားပေး ခြိမ်းခြောက်တာ၊ အလုပ်သမားအရေး လှုပ်ရှားသူတွေနဲ့ မဆက်သွယ်ရဲအောင် ဟန့်တားတာတွေ ရှိတယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။

သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူတယောက်က “ကျမတို့တွေက တောင်းဆိုနေတယ် ဆိုတာကို ဦးစီးတွေက သိလာတဲ့အခါကျတော့ လုပ်ငန်းရှင်တွေက မပေးချင်ကြဘူး။ မပေးချင်တော့ ဒီလိုပဲ အလုပ်သမားဆီက ကုပ်သွေးစုပ်တာပေါ့။ ပေးချင်ရင် ဒီပြဿနာ ဘယ်တက်ပါ့မလဲ။ အဲ့တော့ အလုပ်သမား၊ အလုပ်ရှင်နဲ့ ဦးစီးနဲ့ ပေါင်းပြီး ကျမတို့တွေကို ဒုက္ခပေးတာပေါ့။ ကျမတို့တွေကို တရားမဝင် အသင်းဖြစ်တယ်၊ ကျမတို့တွေနဲ့ ပတ်သက် ဆက်ဆံရင် ဒုက္ခရောက်မယ်။ နင်တို့ပါ အဖမ်းခံရမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်သမားတွေက ကျမတို့တွေနဲ့ ဖုန်းမဆက်ရဲ၊ စကားမပြောရဲ၊ မလာရဲ၊ မပြုရဲ ဖြစ်နေကြတာ။ ပြီးတော့ ရုံးကို ချိပ်ပိတ်လိုက်တယ်။ ဒါတွေက အလုပ်သမားတွေအတွက် အဟန့်အတား ဖြစ်စေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်း မြစိမ်းရောင် စက်မှုဇုန်ရှိ Golden & Five Myanmar အထည်ချုပ်ရုံက ရဲကားခေါ်ပြီး ခြိမ်းခြောက်တာ၊ လှိုင်သာယာစက်မှုဇုန်ရှိ ETERNAL Fashion စက်ရုံက လုပ်ခတိုးမြှင့်ဖို့ တောင်းဆိုမှ ပိတ်သိမ်းလိုက်တာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဇေကမ္ဘာစက်မှုဇုန်ရှိ Myanmar Little Flamingo အထည်ချုပ်စက်ရုံကလည်း လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်မယ်ဆိုပြီး ဖိအားပေးတာ စတဲ့ ဖြစ်ရပ်မျိုးတွေ ရှိခဲ့ပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူ ကိုစိုင်းယုမောင်က “ပြည်တွင်းမှာ အလုပ်သမားတွေ အခက်အခဲ တော်တော်များများ ကြုံနေရတယ်။ ဘယ်သူကမှ တာဝန်ယူ ဖြေရှင်းပေးတာလည်း မရှိဘူး။ စက်ရုံအလုပ်သမားတွေဆိုလည်း ဒီလိုပဲ၊ ဆန္ဒပြနေကြတယ်။ စုပေါင်းတောင်းဆိုကြတယ်။ ဘယ်သူကမှ တာဝန်ယူ တာဝန်ခံ ဖြေရှင်းပေးတာ မရှိဘူး။ တော်တော်လေးကို အခက်အခဲ ဖြစ်နေကြတယ် စားဝတ်နေရေးက အစပေါ့” လို့ ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာစက်မှုဇုန်ရှိ Myanmar Little Flamingo Fashion အထည်ချုပ်စက်ရုံမှာတော့ လုပ်ခ ဒေးကြေးတိုးပေးဖို့နဲ့ Ticket စနစ်အစား Grade ကြေးစနစ် ပြောင်းပေးဖို့ အလုပ်သမား ၃၀၀ ကျော်က ဖေဖော်ဝါရီ ၆ ရက်က စပြီး စုပေါင်း တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ နောက်တရက်မှာပဲ တောင်းဆိုသူတွေကို လျော်ကြေးပေးပြီး အလုပ်ထုတ်မယ်လို့ စက်ရုံဘက်က ကြေညာခဲ့တယ်လို့ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (STUM) က အသိပေးထားပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူတယောက်က “ဆန္ဒပြခွင့်နဲ့ သပိတ်မှောက်ခွင့်ကိုကျတော့ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားပြီးတော့ အလုပ်ရှင်တွေ လုပ်လေ့ရှိတဲ့ အလွယ်တကူ အလုပ်ထုတ်တာတွေကိုကျတော့ ထိန်းချုပ်နိုင်စွမ်း မရှိတာ တွေ့ရတယ်။ ကျနော်တို့ အလုပ်သမားရေးရာ အခြေအနေက တော်တော်ကြီးကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံရတဲ့ အခြေအနေလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ နောက်တခုကကျတော့ အင်တာနေရှင်နယ် Brand တွေ အနေနဲ့ အနိမ့်ဆုံး လုပ်ခလစာပေါ့။ လက်ရှိ စစ်ကောင်စီက ပေးနေတဲ့ ၇,၈၀၀ ပေါ်မှာပဲ မှိန်းနေတာ မလုပ်ဘဲနဲ့ အမှန်တကယ် ပေးသင့်ပေးထိုက်သော နှုန်းထားဖြစ်စေဖို့ Brand တွေအနေနဲ့ ကြိုးစားဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်အတွင်း အလုပ်သမားဝန်ကြီး ၅ ယောက်အထိ ပြောင်းလဲခဲ့ပေမဲ့ အလုပ်သမားတွေ ဖူလုံတဲ့ လုပ်ခရရှိရေးအတွက် ထိရောက်တဲ့ ဖြေရှင်းမှု မတွေ့ရဘူးလို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေက ပြောပါတယ်။

ကုန်စျေးနှုန်း မြင့်တက်လာမှုနဲ့ လုပ်ခနည်းပါးမှုတွေကြောင့် ပြည်တွင်း စက်ရုံအလုပ်သမားတွေဟာ စားဝတ်နေရေး အခက်အခဲ ပိုမို ကြုံနေရပြီး လုပ်ခတိုးမြှင့်ပေးရေး တောင်းဆိုမှုတွေ ဆက်လက် ဖြစ်ပေါ်လာနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013