DVB Logo
Home
မြန်မာသတင်း
ကြွေးကျေတောင်သူများကိုသာ စိုက်စရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးမည် 
DVB
·
April 24, 2026
Photo: MOI
Photo: MOI
Donate to DVB

စစ်အာဏာရှင် အစိုးရရဲ့ ပထမဆုံးရက် ၁၀၀ စီမံချက်တွေထဲကတခုအဖြစ်  တောင်သူလယ်သမားတွေကို စိုက်ပျိုးစရိတ်တွေ ထုတ်ချေးရာမှာ အရင်က စိုက်စရိတ် ချေးငွေ ပေးချေပြီးတဲ့ တောင်သူတွေကိုပဲ ထုတ်ချေးပေမယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၂၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံးအစည်းအဝေးမှာ စစ်အာဏာရှင် သမ္မတမင်းအောင်လှိုင်က လယ်ယာကဏ္ဍအတွက် ချေးငွေ တိုးမြှင့်မယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက် အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

စိုက်စရိတ်ချေးငွေတွေကို လာမဲ့ မေ ၁၂ ရက် စတင်ထုတ်ချေးမှာဖြစ်ပြီး စပါး၊ ဂျုံနဲ့ ချည်မျှင်ရှည်ဝါတို့အတွက် တစ်ဧက ကျပ် ၃ သိန်း၊ တခြားသီးနှံ ၁၈ မျိုးအတွက် ကျပ် ၂၅၀,၀၀၀၊ ပန်းနှမ်း၊ ဆီမုန်ညှင်း၊ ဂုံလျှော်တို့အတွက် တဧက ကျပ် ၁၅၀,၀၀၀  တို့ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့ ထုတ်ချေးမယ်လို့ ဆိုပါတယ်။

တန်ဖိုးမြင့်မားတဲ့ လယ်ယာကဏ္ဍသုံး အခြောက်ခံစက်၊ သိုလှောင်ရုံ၊ ဆန်စက် စတာတွေအတွက် အတိုးနှုန်း ၆ ရာခိုင်နှုန်းနဲ့ ချေးငွေ ကျပ်သိန်း ၃,၀၀၀ အောက် အတွက် တမျိုး၊ ကျပ်သိန်း ၃,၀၀၀ အထက်အတွက်တမျိုး  ထုတ်ချေးမယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ အရင်က ကြွေးမြီတွေ ဆပ်ပြီးတဲ့ တောင်သူတွေကိုသာ ထုတ်ချေးမယ် ဆိုတဲ့စည်းကမ်းချက်က လက်ရှိမြေပြင်မှာ အမှန်တကယ် ငွေကြေးလိုအပ်နေတဲ့ တောင်သူအများစုအတွက် အဟန့်အတားဖြစ်စေတယ်လို့ လေ့လာသူများက သုံးသပ်ကြပါတယ်။

ဒါ့အပြင် ထုတ်ချေးမဲ့ တဧက ကျပ် ၃ သိန်းဆိုတဲ့ ပမာဏဟာလည်း အဆမတန် မြင့်တက်နေတဲ့ လက်ရှိ သွင်းအားစုစရိတ်တွေအတွက် လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မတည်ငြိမ်မှုတွေနဲ့  သွင်းအားစုဈေးနှုန်း မြင့်တက်မှုဒဏ်ကြောင့် တောင်သူအများစုဟာ အစိုးရ စိုက်စရိတ်ငွေနဲ့ လုံလောက်မှု မရှိလို့ အတိုးနှုန်းများတဲ့ ပုဂ္ဂလိက ချေးငွေတွေကိုပါ ရယူအသုံးပြု နေရတာပါ။

မကြာသေးခင်က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ထုတ်ပြန်ချက်မှာလည်း ဓာတ်မြေဩဇာနဲ့ စက်သုံးဆီ ပြတ်လပ်မှု၊ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် တောင်သူတွေရဲ့ စိုက်ပျိုးစရိတ်ဟာ မနှစ်ကထက် ၂ ဆ လောက် ပိုများလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် တောင်သူတွေက ဓာတ်မြေဩဇာ အသုံးပြုမှု လျှော့ချလာရတဲ့အတွက် စပါးအထွက်နှုန်း ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ပြီး နိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်လာနိုင်ကြောင်း WFP က ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013