DVB Logo
Home
မြန်မာသတင်း
ထိုင်းမြောက်ပိုင်း လေထုညစ်ညမ်းမှု မြန်မာလုပ်သားများအပေါ် ရိုက်ခတ်
မောရစ်
·
April 6, 2026
Photo: DVB
Photo: DVB
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ နှစ်စဉ်ကြုံတွေ့နေရတဲ့ လေထုညစ်ညမ်းမှု ပြဿနာဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိလာတဲ့အတွက် ချင်းမိုင်၊ လမ်ဖွန်နဲ့ ဖယောင်း စတဲ့ခရိုင် ၃ ခုကို ဘေးအန္တရာယ်ဇုန်တွေအဖြစ် သတ်မှတ်လိုက်ပါတယ်။

ဒီအခြေအနေတွေအောက်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ငန်းခွင်အပေါ်လည်း သက်ရောက်မှု ရှိနေပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ ခရီးသွားမြို့တော် ချင်းမိုင်အပါအဝင် အိမ်နီးချင်း ခရိုင်တွေမှာ လေထုအရည်အသွေး ညွှန်းကိန်းဟာ စိုးရိမ်ရတဲ့အဆင့်ကို ကျော်လွန်နေတာ ရက်သတ္တပတ်နဲ့ချီ ရှိနေပါပြီ။

ဖုန်မှုန့်အမှုန်အမွှား PM 2.5 အဆမတန် မြင့်တက်လာတဲ့အတွက် ထိုင်းအစိုးရက အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်လိုက်တာပါ။

ဒါကြောင့် ချင်းမိုင်၊ လမ်ဖွန်နဲ့ ဖယောင်း ခရိုင်တွေကို ဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားပြီး အဲဒီခရိုင် ၃ ခုမှာ မြန်မာအလုပ်သမားအများစုဟာ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ လုပ်ကိုင်နေကြတာဖြစ်လို့ ဒီလေထုညစ်ညမ်းမှုကို တိုက်ရိုက်ရင်ဆိုင်နေရတာပါ။

အခုလို လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်ပြီး ဆရာဝန်တယောက်က  သတိပေးပါတယ်။

“ဒီဟာသည် ဘယ်လောက်ထိ ဖြစ်သွားနိုင်လဲဆိုရင် ဆေးလိပ်မသောက်တဲ့သူတောင်မှ ဆေးလိပ်သောက်တဲ့သူထက် အဆပေါင်းများစွာ ခံရပြီးတော့မှ အဆုတ်ကင်ဆာ ဖြစ်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ မလိုအပ်ဘဲ ကိစ္စမရှိဘဲနဲ့ အပြင်ကို လုံးဝမသွားဖို့၊ အထူးသဖြင့် ချင်းမိုင်ကို ရောက်ရှိနေတဲ့ မြန်မာများ မဖြစ်မနေ အလုပ်သွားရမယ်ဆိုရင်လည်း Mask ကို သေချာပေါက် တပ်ကို တပ်ရပါမယ်။”

ထိုင်းသတင်းဌာန The Nation ရဲ့ ဖော်ပြချက်အရ လက်ရှိမှာ အဆိပ်သင့်လေထုညစ်ညမ်းမှုကြောင့် တရက်ကို အဆုတ်ကင်ဆာလူနာသစ် ၄၈ ယောက်အထိ ရှိလာနေပြီး သေဆုံးသူ အရေအတွက်ဟာလည်း ၄၀ အထိ မြင့်တက်လာနေပါတယ်။

ချင်းမိုင်၊ ချင်းရိုင်းနဲ့ အရှေ့မြောက်ပိုင်း အီဆန်ဒေသတွေမှာရှိတဲ့ ကလေးငယ်တချို့ဟာ နှာခေါင်းသွေးယိုတဲ့ လက္ခဏာတွေအထိ ခံစားနေရတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ တိုင်းတာချက်တွေအရ ချင်းမိုင်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်း (AQI) ဟာ ၂၀၆ အဆင့်ရှိပြီး အတုစိတ်ဖုန်မှုန့် PM 2.5 ပမာဏဟာ တစ်ကုဗမီတာမှာ ၁၃၁ မိုက်ခရိုဂရမ်အထိ ရှိနေပါတယ်။

ဒါဟာ ထိုင်းနိုင်ငံရဲ့ ဘေးကင်းလုံခြုံမှုစံနှုန်းဖြစ်တဲ့ ၃၇ ဒသမ ၅ ထက် ၄ ဆနီးပါး ပိုမိုမြင့်မားနေတာပါ။

ဒါကြောင့် ချင်းမိုင်ခရိုင်အတွင်းက ဟော့ဒ်၊ စမိုင်၊ ချင်းဒေါင်း၊ မယ်ဝမ်၊ မယ်တင်နဲ့ ဒွိုင်စကက် စတဲ့ ၆ မြို့နယ်ကို အရေးပေါ် ကူညီကယ်ဆယ်ရေးဇုန်တွေအဖြစ် သတ်မှတ်ထားပါတယ်။

ထိုင်းအစိုးရက ဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်လိုက်ပေမဲ့လည်း နေ့စားအလုပ်သမားတွေ ဖြစ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက်ကတော့ အလုပ်မလုပ်ဘဲ နားနေဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတယောက်က “ကျနော်တို့ကလည်း အပြင်မှာ အလုပ်လုပ်ရတဲ့သူတွေဆိုတော့ အသက်ရှူရတာတွေ ကျပ်တယ်။ ပြီးတော့ အမြဲတမ်း Mask တပ်ထားရတယ်ပေါ့။ ပြီးတော့ မျက်စိတွေစပ်တာမျိုးတွေလည်း ရှိတယ်။ ဒီမနက်ဆိုရင် သတင်းတခုထဲမှာ ထိုင်းကလေးလေးတွေ နှာခေါင်းသွေးယိုတာတွေ ဖြစ်တဲ့အခါကျတော့ ကျန်းမာရေးအရ တော်တော်လေးတော့ စိုးရိမ်နေရတယ်။ ကျနော်တို့က အလုပ်မလုပ်ရရင် မစားရဘူးဆိုတဲ့ မဖြစ်မနေ လုပ်ရမဲ့ အခြေအနေဆိုတော့ ဒီအန္တရာယ်ကြားကပဲ အလုပ်လုပ်နေရတယ်” လို့ ပြောပါတယ်။

ပြင်ပကို မဖြစ်မနေ ထွက်ရမယ်ဆိုရင် PM 2.5 ကာကွယ်နိုင်တဲ့ N95 နှာခေါင်းစည်းကို တပ်ဆင်ဖို့ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ချောင်းဆိုးတာ၊ အသက်ရှူရခက်တာ၊ ရင်ဘတ်အောင့်တာ၊ နှလုံးတုန် မူးဝေတာတွေ ခံစားနေရပါက ဆရာဝန် ချက်ချင်းပြသဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

ထိုင်းအစိုးရအနေနဲ့ လက်ရှိမှာ တောမီးငြှိမ်းသတ်ရေးနဲ့ လေထုသန့်စင်ရေးအတွက် ကြိုးပမ်းနေပေမဲ့လည်း ရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် ဒေသခံပြည်သူတွေကတော့ ကျန်းမာရေးအတွက် အကာအကွယ်ပစ္စည်းတွေနဲ့ ထိရောက်တဲ့ ဆေးဝါးကုသမှုတွေ ပိုမိုလိုအပ်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013