DVB Logo
Home
မြန်မာသတင်း
ရခိုင်နှင့်ချင်းတွင် အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးသော်လည်း အသုံးပြုမရ
DVB
·
August 3, 2020
ရခိုင်နှင့်ချင်းတွင် အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးသော်လည်း အသုံးပြုမရ
Donate to DVB

၁ နှစ်ကျော်ကြာ အင်တာနက်ပိတ်ထားခဲ့တဲ့ ရခိုင်ပြည်နယ် မြို့နယ် ၇ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ သြဂုတ် ၁ ရက်နေ့ ည ၁၀ နာရီကစပြီး အော်ပရေတာအားလုံး အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးလိုက်ပေမဲ့ 2G Network ပဲရရှိကြတဲ့အတွက် လုံးဝ အသုံးပြုမရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့ ထူး Mobile ဆိုင်မှ ကိုအောင်ထူးက “ကျနော်တို့ကို ကိုယ်စားလှယ်က ဖုန်းဆက်တယ်။ MPT က message ဝင်တယ်။ အင်တာနက် ဖွင့်တော့ဖွင့်ပေးတယ်။ E ပဲ ပေါ်တယ်။ အခုလို 5G Network တောင် ပေါ်နေတဲ့အချိန်မှာ ဖွင့်ပေးတာက 2G ဆိုတော့ ဘာမှ သုံးမရပါဘူး။ ဖွင့်ပေးရင်လည်း သုံးလို့ရအောင် ဖွင့်ပေးစေချင်တယ်” လို့ ပြောပါတယ်။

ဘူသီးတောင်မြို့မှ မခိုင်ရွှေဝါက “ပြန်ဖွင့်ပေးတဲ့ အင်တာနက်လိုင်းတွေမှာ 2G ပဲရရှိပြီး လိုင်းမကောင်းတာကြောင့် တခြားမြို့တွေနည်းတူ အင်တာနက်လိုင်းတွေ အပြည့်အဝဖွင့်ပေးဖို့ တောင်းဆိုချင်တယ်”လို့  ပြောပါတယ်။

ဖုန်းနှင့်လျှပ်စစ်ပစ္စည်းမျိုးစုံ အရောင်းဆိုင်မှ ကိုလင်းလင်းက “သတင်းတွေမှကတော့ အင်တာနက်ပြန်ရပြီလို့ ပြောကြတယ်။ ဒါပေမဲ့ ဘာမှသုံးမရဘူး။ Mytel က 2G ပဲ ပေါ်တယ်။ အင်တာနက်မရှိတော့ အလုပ်လုပ်ရတာလည်း ဘာမှကို အဆင်မပြေပါဘူး။ ဖွင့်ပေးရင်လည်း အပြည့်အဝဖွင့်ပေးပေါ့။ အခုက ဘာမှလည်း မဟုတ်ဘူး” လို့ ပြောပါတယ်။

အင်တာနက်လိုင်း ပြန်ဖွင့်ပေးတဲ့ မြို့နယ်တွေဖြစ်တဲ့ ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်များ၏ အင်တာနက်လိုင်းတွေမှာ 2G ပဲ ရရှိပြီး သုံးမရဖြစ်နေကြပြီး ပြည်သူတွေ အခက်အခဲတွေ့နေကြတာပါ။

ဘူးသီးတောင်မြို့မှ လူငယ်တချို့ကတော့ အင်တာနက်အသုံးပြုဖို့အတွက် ပေ ၁၀၀ ကျော် ၂၀၀ နီးပါး မြင့်တဲ့တောင်ထိပ်တွေ ဘုရားစေတီပုထိုးတွေရှိရာ တောင်ကုန်းတွေပေါ်အထိ ခက်ခက်ခဲခဲ သွားရောက်ရှာဖွေသုံးနေကြရဆဲ ဖြစ်သလို မြိုနဲ့ ၂ မိုင်ကျော်ဝေးပြီး မောင်တောမြို့ဘက်မှ network မိတဲ့နေရာတွေကို သွားရောက် အသုံးပြုနေကြရပါတယ်။

MPT မှ တာဝန်ရှိသူတစ်ဦးကတော့ ညွှန်ကြားချက်မှာ 2G network သာ ဖွင့်ပေးရန် ညွှန်ကြားထားတယ်လို့ ​ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ ကြိုတင်အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့ပြီးနောက် စက်တင်ဘာလ ၁ ရက်နေ့မှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝမြို့နယ်တို့ကို အင်တာနက် ပြန်ဖွင့်ပေးခဲ့ပေမယ့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထပ်မံဖြတ်တောက်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် မေလ ၂ ရက်နေ့မှာ မောင်တောမြို့နယ်ကို အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးခဲ့ပါတယ်။

ပိတ်ထားတဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့သူအချို့ တရားစွဲဆိုခံရမှုတွေလည်း ရှိပါတယ်။ 

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013