DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် မြစ်ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု ၈၁၀ ပြောင်းရွှေ့ခဲ့ရ
DVB
·
August 1, 2020
မကွေးတိုင်းတွင် မြစ်ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု ၈၁၀ ပြောင်းရွှေ့ခဲ့ရ
1 / 3
Donate to DVB

မကွေးတိုင်းအတွင်းက မြို့နယ်အချို့မှာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် ရေဝင်ရောက်လာတာကြောင့် ဇူလိုင် ၃၁ ရက်နေ့အထိ ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု ၈၁၀၊ လူဦးရေ ၁၉၁၆ ဦးတို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်လို့ မကွေးတိုင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။

ရွှေ့ပြောင်းခဲ့ရတဲ့သူတွေဟာ မကွေး၊ မင်းဘူး-စကု၊ ချောက်၊ ရေနံချောင်း၊ ကံမ (သရက်) နဲ့ ရေစကြို့ စတဲ့ မြို့နယ်တွေက ဖြစ်ပြီး ဆန်ဖိုး တစ်ပတ်စာ လူတစ်ယောက်ကို ၂၁၀၀ ကျပ်နှုန်းနဲ့ အားလုံးစုစုပေါင်းအတွက် ၃၂ သိန်းကျော်ဖိုး ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ တတိယအပတ်ကစတင်ကာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်လာတာဖြစ်ပြီး မြစ်ကမ်းနံဘေးရှိ ရပ်ကွက်၊ ကျေးရွာတွေက လူနေအိမ်တွေထဲ မြစ်ရေဝင်ရောက်လာတာကြောင့် လူနဲ့ ပစ္စည်းတွေ၊ အိမ်မွေး တိရစ္ဆာန် ကျွဲ၊ နွား၊ ဝက်တို့ ပြောင်းရွှေ့ခဲ့ရပါတယ်။

ချောက်မြို့ ဧရာဝတီမြစ်ဆိပ်ကမ်းရပ်ကွက် လေးရပ်ကွက်ရှိ အိမ်ထောင်စု ၁၆၈ စု၊ လူဦးရေ ၆၈၁ ဦး၊ ရေနံချောင်းမြို့နယ် မိန်းမလှ၊ ဝက်လွတ်၊ ရွာသစ်ကျေးရွာ စတဲ့ ကျေးရွာ သုံးရွာက အိမ်ထောင်စု ၁၀၅ စု၊ လူဦးရေ ၄၈၂ ဦး တို့ ပြောင်းရွှေ့ခဲ့ရပါတယ်။ 

‌မကွေးမြို့နယ်မှာတော့ မြေနုကျွန်းကျေးရွာရှိ အိမ်ထောင်စု ၆၀ စု၊ လူဦးရေ ၂၂၀ ဦး၊ ကံမ (သရက်) မြို့နယ် အမှတ် ၂ ရပ်ကွက်ရှိ အိမ်ထောင်စု ၄၀ စု၊ လူဦးရေ ၁၄၁ ဦး၊ မင်းဘူး-စကုမြို့နယ် နိဗ္ဗာန်ကျွန်း၊ ပဒေသာကျွန်း ကျေးရွာတို့က အိမ်ထောင်စု ၂၄၀ စု၊ လူဦးရေ ၆၅၁ ဦးတို့ ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

ရေစချိုမြို့နယ်မှာလည်း အိမ်ထောင်စု ၁၀၀ စု၊ လူဦးရေ ၃၀၁ ဦးတို့ဟာ မြေဖြူ၊ မုံညှင်းကျေးရွာအုပ်စု ဖူလုံကျေးရွာအနီးရှိ မြေကွက်လပ် ကွင်းပြင်မှာ ပြောင်းရွေ့ကာ ယာယီတဲအိမ်တွေနဲ့ နေထိုင်နေကြပါတယ်။

“ရေဘေး စဖြစ်တော့ ဝါး၊ မိုးကာ ဝယ်နိုင်တဲ့သူရှိတယ်။ မဝယ်နိုင်တဲ့ သူရှိတယ်။ တကယ်ကို သစ်ပင်အရိပ်အောက်မှာ နေနေရတဲ့ လူတွေကိုတော့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ စီမံခန့်ခွဲမှုနဲ့ ပေးသင့်တဲ့လူကို ပေးလိုက်တယ်။ ခရိုင် ဘေးစီမံက မိုးကာတဲ ငါး ယောက်နေ အလုံး ၃၀၊ တဲကြီး တစ်လုံး ရတယ်။ မိုးကာတဲကြီးကျတော့ ကိုးဗစ်ကာလဖြစ်တော့ လူအများကြီးမနေခိုင်းတော့ဘဲ ဆေးခန်းအတွက် ဆောက်ပေးလိုက်တယ်။ ဆေးခန်းဖွင့်ထားတယ်” လို့ ရေစကြိုမြို့ မီးသတ်ဦးစီးအရာရှိ ဦးညီညီအောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013