
တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ အမေရိကန် အောက်လွှတ်တော် အထူးကော်မတီက ဒေသစံတော်ချိန် မေ ၁၉ ရက်မှာ မြန်မာပြည်နယ်စပ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ ကြားနာပွဲပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
“ရာဇဝတ်မှု၊ အဂတိလိုက်စားမှုနဲ့ အမေရိကန်ပြည်သူတွေကို ပစ်မှတ်ထားပြီး အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်နွှယ် ငွေကြေးလိမ်လည်မှု ကွန်ရက်တွေ ပွားများလာခြင်း” ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ ကြားနာပွဲမှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ၂ ပါတီစလုံးက အမတ်တွေ ပါဝင်ခဲ့ပြီး ဒေသတွင်းနဲ့ သက်ဆိုင်ရာပညာရပ် ကျွမ်းကျင်သူတွေက ရှင်းလင်းတင်ပြခဲ့တာပါ။
မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း Scam Center တွေ၊ လူကုန်ကူးမှုတွေကို အမေရိကန်အစိုးရနဲ့ လွှတ်တော်ရဲ့ ချဉ်းကပ်တဲ့ပုံစံဟာ စစ်ရေး၊ နိုင်ငံရေးတင်မကဘဲ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု နှိမ်နင်းရေးဘက်ကို အရှိန်မြှင့် တိုးချဲ့လာတဲ့သဘောဖြစ်ပြီး ပိုပြီး ထောင့်စေ့လာတာ တွေ့ရတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
အမေရိကန်ပြည်ထောင်စု၊ လွှတ်တော်ကြားနာပွဲတွေဟာ အမတ်တွေက ပညာရှင်တွေကို သတင်းအချက်အလက် ခိုင်မာအောင် ခေါ်ယူမေးမြန်းစုံစမ်းပြီး သက်သေတွေကို စုဆောင်းသုံးသပ်တဲ့ပွဲတွေ ဖြစ်ပါတယ်။
ကြားနာပွဲတွေကနေ မူဝါဒရေးရာတွေကို ချက်ချင်းမပြောင်းလဲနိုင်ပေမဲ့ အသစ်ပြဋ္ဌာန်းမဲ့ ဥပဒေတွေ၊ ဒဏ်ခတ်ပိတ်ဆို့တာ၊ အရေးယူဆောင်ရွက်တာတွေအတွက် လမ်းညွှန်ချက်တွေ ဖြစ်လာတာပါ။
မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “ပထဝီနိုင်ငံရေးနဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုတွေ ဒီထဲမှာ ပါဝင်ပတ်သက်နေတာ၊ ဒါကလည်း အင်မတန် အရေးကြီးတဲ့အချက် ဖြစ်တယ်။ အမေရိကန်လွှတ်တော် အထူးကော်မတီရဲ့ အစီရင်ခံစာမှာ ထူးခြားချက်က မြန်မာနိုင်ငံက Scam စခန်းတွေကို သီးခြားရာဇဝတ်မှုအဖြစ် သူတို့က မကြည့်ဘဲနဲ့ တရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ နယ်စပ်ဒေသမူဝါဒ ပျက်ကွက်မှုတွေ၊ တရုတ်နိုင်ငံပိုင်တဲ့လုပ်ငန်းတွေရဲ့ ပါဝင်ပတ်သက်မှုတွေနဲ့ ချိတ်ဆက်ပြီးတော့မှ ဖော်ပြထားတာတွေ ဖြစ်တယ်။ ဒါက အမေရိကန်အနေနဲ့ မြန်မာ့အရေးကို ဒေသတွင်း ပထဝီနိုင်ငံရေးပေါ့နော်၊ အင်ဒို-ပစိဖိတ် မဟာဗျူဟာ အခင်းအကျင်းကြီးတခုလုံးနဲ့ သူတို့က ချိတ်ဆက်ပြီးတော့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာတာကို တားဆီးဖို့ သူတို့ရဲ့ မဟာဗျူဟာမြောက် မြင်ကွင်းကို ချဲ့ပြီးတော့မှ ချဉ်းကပ်လာတာကို ကျမတို့ တွေ့ရတယ်ပေါ့နော်” လို့ ပြောပါတယ်။
အမေရိကန်ပြည်သူတွေဆီကနေ ငွေလိမ်ဂိုဏ်းတွေက တနှစ်ကို ဒေါ်လာ ၁၀ ဘီလီယံကျော်အထိ လိမ်လည်ခိုးယူနေတာကြောင့် မြန်မာအပါအဝင် အရှေ့တောင်အာရှက လူကုန်ကူးမှုနဲ့ နိုင်ငံဖြတ်ကျော် ငွေလိမ်စခန်းတွေအကြောင်း အစီရင်ခံစာကို တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ အမေရိကန် အထူးလွှတ်တော်ကော်မတီက သုံးသပ်ခဲ့တာပါ။
ဒီပြဿနာနဲ့ပတ်သက်ပြီး အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ ပြည်ပငွေလိမ်လည်မှုဂိုဏ်းများ ဖျက်သိမ်းရေး ဥပဒေကြမ်းနဲ့ ငွေလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းတို့ကို အမတ်တွေက တင်သွင်းထားပြီး အဲဒီဥပဒေကြမ်း ၂ ခုပေါင်းကနေ ဥပဒေသစ်တရပ် ပေါ်ပေါက်လာဖို့ ရှိနေပါတယ်။
သမ္မတထရမ့်ပ် အစိုးရက Scam Center Strike Force ငွေလိမ်လည်မှုစခန်းများ အထူးနှိမ်နင်းရေးတပ်ဖွဲ့ကို ၂၀၂၅ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး အရေးယူမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။
လော့စ်အိန်ဂျယ်လိစ်-မြန်မာ လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “FBI လည်းပါတယ်၊ တရားရေးဝန်ကြီးဌာနလည်း ပါတယ်ဆိုတော့ ဝရမ်းထုတ်တာတို့၊ VISA(ပြည်ဝင်ခွင့်)ပိတ်တာတို့၊ Account တွေကို Freeze လုပ်တာ၊ ပိတ်တာ၊ သိမ်းတာ ထိရောက်နေပြီလို့ ကျနော်တို့ ယူဆတယ်ဗျာ။ ဥပဒေပြုလိုက်လို့ရှိရင် အဲဒါတွေက ပိုပြီးတော့ သူတို့သုံးနိုင်တဲ့ ဥပဒေတွေ များလာမှာပေါ့နော်။ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပိုပြီးတော့ တိုးချလို့ရမယ်၊ လုပ်ပိုင်ခွင့်တွေ ပိုတိုးလာမှာပေါ့။ လော်ဘီငှားပြီးတော့ သူတို့ ကိုယ်လွတ်ရုန်းတာမျိုးလုပ်ဖို့ ပိုခက်သွားတာပေါ့လေ။ လနည်းနည်းတော့ စောင့်ကြည့်ရဦးမှာပေါ့။ သူတို့ မနေ့တုန်းကတော့ တင်ပြပြီးပြီ၊ ကြားနာမှုပြီးပြီ၊ မကြာခင်မှာ သူတို့ မဲခွဲဆုံးဖြတ်မယ်ပေါ့နော် ဒီဥပဒေတွေ။ အဲဒီတော့ သူတို့ လော်ဘီငှားထားတာ၊ ကျနော်တို့ကို သူများပြောနေတာက Scam Center ဥပဒေတွေကို တတ်နိုင်သလောက် နှောင့်နှေးအောင်လုပ်ဖို့ အဲဒီအထဲမှာ သူတို့အတွက် လွတ်ကွက်တွေပါအောင်လို့ ဆိုပြီးတော့ သူတို့ အခါတော်ပေးတဲ့သူတွေကလည်း တော်နေကြတာ” လို့ ပြောပါတယ်။
အရင်တုန်းက အမေရိကန်ရဲ့ မြန်မာ့အရေး ချဉ်းကပ်တဲ့ပုံစံဟာ ဒီမိုကရေစီ ပြန်လည်အသက်ဝင်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့၊ စစ်အာဏာရှင်ကို အရေးယူပိတ်ဆို့ဖို့ စတဲ့ သမားရိုးကျပုံစံ ဖြစ်ခဲ့ပေမဲ့ လတ်တလောမှာတော့ အမေရိကန်ပြည်ထောင်စုအပေါ် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ရှုမြင်လာတာပါ။
အမေရိကန်နိုင်ငံသားတွေရဲ့ ငွေကြေး နှစ်စဉ် ဒေါ်လာဘီလီယံချီ ဆုံးရှုံးနေရတဲ့အတွက် အမေရိကန်ပြည်သူကို တိုက်ရိုက်ထိခိုက်နစ်နာစေတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်လာတာ ဖြစ်ပါတယ်။
ငွေလိမ်ဂိုဏ်းတွေက ရိုးရိုးဘဏ်စနစ်တင်မကဘဲ အွန်လိုင်း ခရစ်ပတိုငွေကြေးကို အသုံးပြုပြီး ငွေကြေးခဝါချတာတွေ လုပ်လာတဲ့အတွက် အမေရိကန်အစိုးရက နိုင်ငံတကာဘဏ္ဍာရေးစနစ်ကနေ စောင့်ကြည့်တာ၊ ပိတ်ဆို့မှု တိုးမြှင့်တာတွေလည်း ပြုလုပ်နေပါတယ်။
ရာဇဝတ်ကွန်ရက်တွေရဲ့ ငွေကြေးစီးဆင်းမှုတွေနဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်တွေကို လိုက်ပိတ်ဆို့တဲ့နည်းနဲ့ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
Scam Center တွေမှာ အလုပ်လုပ်ကိုင်နေရတဲ့ လူကုန်ကူးခံရသူတွေကိုတော့ ရာဇဝတ်သားအဖြစ် ရှုမြင်မှုမရှိဘဲ အတင်းအဓမ္မ ခိုင်းစေခံရတဲ့ သားကောင်အဖြစ် ရှုမြင်ပြီး လူသားချင်း စာနာထောက်ထားတဲ့ အမြင်နဲ့ အမေရိကန်အစိုးရက ချဉ်းကပ်နေတာပါ။
ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းရေးတင်သာမကဘဲ လူကုန်ကူးခံရသူတွေကိုပါ ကယ်ဆယ်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒတွေနဲ့ လုပ်ဆောင်နေပါတယ်။
သုတချမ်းသာ











