၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ကနေဒါအသင်းက တောင်အာဖရိက အသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့် ၁၆ သင်းအဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်သွားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်ကွင်းမှာ ဒေသစံတော်ချိန် ဇွန် ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ဒုတိယပိုင်း မိနစ် ၉၀ အပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ကနေဒါအသင်းက စတီဖင် အာစတာကီယိုရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ တောင်အာဖရိကအသင်းက ကြံ့ကြံ့ခံ ခံစစ်ဆင်ကစားခဲ့တာကြောင့် အချိန်ပို ဒါမှမဟုတ် ပင်နယ်တီအထိ ဆက်ကစားရမဲ့အခြေအနေဖြစ်နေချိန် ပွဲချိန် ၉၂ မိနစ်မှာ ကနေဒါ ကွင်းလယ်လူ အာစတာကီယိုက ဘောလုံးကို ရင်ဘတ်နဲ့ ထိန်းချကာ ဂိုးထောင့်ထဲသို့ ကန်သွင်းယူခဲ့တာမှာ တောင်အာဖရိက ဂိုးသမား ရွန်ဝမ် ဝီလျံစ် ဖမ်းဖို့လက်လှမ်းမမီတော့ဘဲ ဂိုးဝင်သွားခဲ့တာပါ။
ဒီဂိုးမရခင်အထိ ကနေဒါအသင်းရဲ့ ဂိုးသွင်းဖို့ကြိုးစားခဲ့တဲ့ အခွင့်အရေးတိုင်းကို တောင်အာဖရိကအသင်းက ဆီးတားနိုင်ခဲ့ပါတယ်။
ကနေဒါအသင်းဟာ တပွဲလုံးမှာ ပိုမိုကောင်းမွန်စွာ ကစားနိုင်ခဲ့ပေ တောင်အာဖရိကရဲ့ ခံစစ်ကြောင့် မိနစ် ၉၀ လုံးလုံး ဂိုးမသွင်းနိုင်ပဲရှိနေရာက အာစတာကီယိုရဲ့ ထူးခြားပြောင်မြောက်တဲ့ သွင်းဂိုးက အသင်းကို ရှေ့တဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့တာပါ။
ပထမပိုင်းပွဲချိန် ၄၄ မိနစ်မှာ ကနေဒါကစားသမား မွိုက်စ်ဘွန်ဘီတိုရဲ့ ခေါင်းတိုက်ချက်ကို အော်ဘရီ မိုဒီဘာက ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်နိုင်ခဲ့သလို၊ ဂျိုနသန် ဒေးဗစ်ရဲ့ ခေါင်းတိုက်ချက်ကိုလည်း အမ်ဘီကီဇီလီ အမ်ဘိုကာဇီက စွမ်းစွမ်းတမံ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီး ၄၅ မိနစ်မှာ ကူလီဆို မူဒေါင်ရဲ့ ဖျက်ထုတ်မှုကြောင့် ရစ်ချီ လာရီယာ လဲကျသွားခဲ့ပေမဲ့ VAR ပြန်လည်ကြည့်ရှုပြီးနောက် ကွင်းလယ်ဒိုင်က ပင်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့လို့ ကနေဒါအသင်း ပင်နယ်တီရမဲ့အခွင့်ရေး နစ်နာခဲ့ရပါတယ်။
ဒီယင်းဆုံးဖြတ်ချက်ကြောင့် ကနေဒါနည်းပြ ဂျက်ဆီ မာ့ရှ်က ဒေါသထွက်ခဲ့ပြီး ပထမပိုင်းအပြီးမှာ ဒိုင်လူကြီးတွေကို သွားရောက်စကားပြောဖို့ ကြိုးပမ်းခဲ့လို့ ကစားသမားတွေက ပြန်လည်ဆွဲခေါ်ခဲ့ရပါတယ်။
ရုပ်သံအနှေး ပြန်လည်ပြသချက်တွေမှာလည်း မူဒေါင်ဟာ လာရီယာနဲ့ မထိမိခင် ဘောလုံးကို အနည်းငယ် ထိချက်ရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ကနေဒါနည်းပြမာ့ရှ်က သူ့ရဲ့ ကစားသမားတွေကို "သူရဲကောင်းတွေ" လို့ ချီးကျူးကာ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။
ကနေဒါနည်းပြမာ့ရှ်က "ငါတို့တွေ ချမှတ်ထားတဲ့ အစီအစဉ် အတိုင်း၊ ငါတို့ ဖြစ်ချင်တဲ့ ပုံစံအတိုင်း၊ ပြင်းပြင်းထန်ထန်နဲ့ အရည်အသွေးရှိရှိ ကစားဖို့ ပြောခဲ့ကြတယ်။ မင်းတို့တွေ မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြနိုင်ခဲ့ပြီ။ အခု မင်းတို့က ကနေဒါရဲ့ သူရဲကောင်းတွေ ဖြစ်သွားပြီ။ ဒီနိုင်ငံရဲ့ အနာဂတ် ကလေးငယ်တွေအတွက် မင်းတို့က သူရဲကောင်းတွေပဲ။ မင်းတို့ကြောင့် ဒီအားကစားနည်းရဲ့ အနာဂတ်က ကြီးမားလာဦးမှာ။ မင်းတို့အတွက်နဲ့ ဒီပွဲအတွက် မင်းတို့ ဂုဏ်ယူသင့်ပါတယ်”လို့ သူ့ရဲ့ အသင်းသားတွေကို ပြောပါတယ်။
ဒီပွဲမှာ ကနေဒါ ကွင်းလယ်လူ စတီဖင်အာစတာကီယိုဟာ သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား သွင်းဂိုး တဂိုးသွင်းယူနိုင်ခဲ့သလို အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကာ ပြစ်ဒဏ်ဘောတွေကနေတဆင့် အခွင့်အရေး ၅ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်တခုမှာ အန်ဒရီယာ ပီယာလို တင်ထားတဲ့ စံချိန်နဲ့ တူညီသွားခဲ့ပါတယ်။
ကနေဒါအသင်းဟာ အရင်တုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပွဲစဉ် ၆ ပွဲစလုံး ရှုံးနိမ့်ခဲ့ဖူး ပေမဲ့ အခုနှစ် ပူးတွဲအိမ်ရှင်အဖြစ် ပါဝင်ခဲ့တဲ့ပြိုင်ပွဲမှာတော့ ရှုံးထွက်အဆင့်ထိတက်လှမ်းကာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
ဇွန် ၁၈ ရက်က ကာတာအသင်းကို (၆-၀) ဂိုးနဲ့နိုင်တဲ့ပွဲက ကနေဒါအတွက် ပထမဆုံး ကမ္ဘာ့ဖလားနိုင်ပွဲ ဖြစ်ပြီး ဒီနေ့ပွဲကတော့ ဒုတိယမြောက် သမိုင်းဝင်နိုင်ပွဲ နောက်တပွဲဖြစ်ပါတယ်။
ကနေဒါအသင်းဟာ ဇူလိုင် ၄ ရက်မှာ ဟူစတန်မြို့မှာ မော်ရိုကို ဒါမှမဟုတ် နယ်သာလန်အသင်းနဲ့ ၁၆ သင်းအဆင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။
တောင်အာဖရိကအသင်းကတော့ အုပ်စု (A) မှာ ဒုတိယရကာ တက်ရောက်လာခဲ့တာဖြစ်ပေမဲ့ ဒီနေ့ပွဲမှာ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့ပြီး စွမ်းဆောင်ရည် အားနည်းခဲ့လို့ ပြိုင်ပွဲကနေ ထွက်သွားခဲ့ရပြီဖြစ်ပါတယ်။
Source: SkySports/ BBC











