DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းလွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲတွင် ပိုမိုပါဝင်ရန် လိုအပ်နေ  
DVB
·
July 29, 2020
မသန်စွမ်းလွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲတွင် ပိုမိုပါဝင်ရန် လိုအပ်နေ  
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မသန်စွမ်း လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးသာ ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပြီး တသီးပုဂ္ဂလ မသန်စွမ်းကိုယ်စားလှယ်လောင်းတွေတော့ ဝင်ပြိုင်ဖို့မရှိဘူးလို့ မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းက ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် မသန်စွမ်းလွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးအနက် တစ်ဦးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက လက်ရှိ ပဲခူးတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးစောသူရအောင်ဖြစ်ပြီး အုတ်ဖိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ  ပဲခူးတိုင်းဒေသကြီးလွှတ်တော်အတွက် ထပ်မံဝင်ပြိုင်မှာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီကိုကိုယ်စားပြုပြီး နိုင်ငံတဝန်း မဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းအရေအတွက် ၁၁၃၁ ဦးအထဲက တဦးတည်းသော မသန်စွမ်း ကိုယ်စားလှယ်လောင်းလည်းဖြစ်ပါတယ်။ 

နောက်ထပ်ကိုယ်စားလှယ်လောင်းတစ်ဦးကတော့  ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများအသင်းက အတွင်းရေးမှူး ဒေါ်ချောစုလှိုင်ဖြစ်ပြီး သူကတော့  ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)ကို ကိုယ်စားပြုပြီး မြောက်ဥက္ကလာပမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မှာပါ။

ဒါပေမဲ့ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်ဖို့ သူရွေးချယ်ထားတဲ့ မွေးရပ်ဇာတိ မြောက်ဥက္ကလာပမြို့နယ်နဲ့ သူအလုပ်လုပ်ကိုင်နေတဲ့ လှိုင်သာယာမြို့နယ်အကြားမှာ   မဲစာရင်းရွေ့ပြောင်းလို့မရဘဲ  အခက်အခဲကြုံတွေ့နေရသူဖြစ်ပါတယ်။

ဒါ့အပြင် မသန်းစွမ်းတဦးဖြစ်တဲ့အတွက် ပါတီစည်းရုံးရေးလုပ်ငန်းတွေ ကွင်းဆင်း လုပ်ဆောင်ရာမှာ အခက်အခဲ စိန်ခေါ်မှုတွေရှိနေတယ်လို့ ဒေါ်ချောစုလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အမျိုးသမီးမသန်စွမ်းဖြစ်တယ်ဆိုတဲ့အခါကျတော့ နိုင်ငံရေးနယ်ပယ်မှာ ဝင်ရောက်လှုပ်ရှားတဲ့အခါမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေကတော့ အများကြီးရှိတာပေါ့။ ထင်သာမြင်သာတဲ့အပိုင်းကို ပြောရမယ်ဆိုရင် သွားလာတဲ့အခါမှာ အခက်အခဲရှိတယ်။ ကျမက Wheel chair (လက်တွန်းလှည်း) သုံးတာဆိုတော့ သွားလာတဲ့အခါမှာလည်း အခက်အခဲရှိတယ်။ ကျမတို့ မြန်မာပြည်မှာက သွားလာရေးမှာတော့ မသန်းစွမ်းတွေအတွက် လူတိုင်းလိုလို ခက်ကြတာပဲ။ ကျမလည်း သွားလာရေးအခက်အခဲရှိတဲ့အခါကျတော့ မဲဆွယ် စည်းရုံးတဲ့ အခါမှာ ခုမဲဆွယ်ခွင့်တော့ မပေးသေးဘူးပေါ့လေ။ သို့ပေမဲ့ ပါတီစည်းရုံးရေး လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါမှာ မသန်စွမ်းသူတွေအတွက်အဲဒီ အခက်အခဲက တော်တော် ကြီးကြီးမားမား ဖြစ်တယ်” 

ဒေါ်ချောစုလှိုင်ရဲ့ ပါတီဖြစ်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ပါတီဟာ ၁၉၉၀ အမတ်ဟောင်းတချို့နဲ့တည်ထောင်းထားတဲ့ပါတီဖြစ်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှဟာလည်း ဒီပါတီကနေ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာက ဝင်ပြိုင်မှာပါ။

လူနည်းစုဖြစ်တဲ့ မသန်စွမ်းတွေရဲ့ အခွင့်အရေးအတွက် ကိုယ်တိုင်ဆောင်ရွက်နိုင်အောင် ရွေးကောက်ပွဲဝင်ပြိုင်ရတာလို့  ဒေါ်ချောစုလှိုင်က ပြောပါတယ်။

“ကျမတို့က ရွေးကောက်တင်မြှောက်တဲ့နေရာမှာဘာကြောင့် ပါဝင်ရလဲဆိုရင်  ကျမတို့ လူနည်းစုတွေရဲ့ အခွင့်အရေးဟာဆိုရင် ကျမတို့ကိုယ်တိုင် ဖော်ဆောင်ပြီးတော့မှ လုပ်ချင်တယ်ပေါ့နော်။ အဲတော့ ကျမတို့ဟာ လူနည်းစုတွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေပေါ့နော်။ ကျမတို့ လူနည်းစု ထိခိုက်လွယ် အုပ်စုတွေကပေါ့နော် တကယ်တမ်းပြောရင် ကျမတို့ နိုင်ငံရေးနယ်ပယ်မှာလည်း အဆုံးအဖြတ်ပေးနိုင်တဲ့သူတွေ ဖြစ်သင့်တယ်။ နောက်တစ်ခုက ကျမတို့ နိုင်ငံရေးကို တည်ဆောက်တဲ့အခါမှာ ကျမတို့က ပူးပေါင်း ပါဝင်ပြီးတော့ နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းကနေ အားပေးတဲ့အနေနဲ့ ပါဝင်ဆောင်ရွက်ခြင်းဖြစ်တယ်”လို့  ဒေါ်ချောစုလှိုင်က ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ မသန်စွမ်းလွှတ်တော်အမတ် ဦးစောသူရအောင်ကတော့  အန်အယ်လ်ဒီ ပါတီကနေ တာဝန်ပေးတဲ့ အတွက် ထပ်မံဝင်ပြိုင်ဖြစ်တာဖြစ်ပြီး ပါတီမူဝါဒနဲ့အညီ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ဦးစားပေး လုပ်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ မသန်စွမ်းကိုယ်စားလှယ်အနေနဲ့ တက်လာတာမဟုတ်ဘူး။ မဲဆန္ဒနယ် တစ်ခုလုံးအတွက် အလုပ်လုပ်ရတာ။ ကျနော်တို့ တိုင်းဒေသကြီးအဆင့်ကျတော့ မူဝါဒပိုင်းတွေမှာ အခက်အခဲတော့ရှိတယ်။ ဒါပေမဲ့ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတို့ မေးခွန်းမေးမြန်းပေးတာတို့ ဆောင်ရွက်ပေးတာတွေရှိတယ်။ ဒါပေမဲ့ မသန်စွမ်းတွေအတွက် ဥပဒေရေးရာတို့ဘာတို့ ပြန့်ပွားအောင် အသိပေးနိုင်တာလေးတွေရှိတယ်။ ဒါတွေကြိုးစားလုပ်ခဲ့တာတော့ရှိတယ်။ အခက်အခဲကျတော့ မသန်စွမ်းသူများ ဥပဒေကို အကောင်အထည်ဖော်ဖို့အတွက် လောလောဆယ် မှတ်ပုံတင်အဆင့်အဲဒါလိုနေသေးတယ်။”

မသန်စွမ်း လွှတ်တော်ကိုယ်စားလှယ်တွေ  ပြည်ထောင်စုအဆင့်လွှတ်တော်မှာ ပါဝင်နိုင်ပါက မသန်စွမ်းသူတွေရဲ့ အခွင့်အရေးအတွက် ပိုပြီးထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်မယ်လို့လည်း  ပြောပါတယ်။

မသန်စွမ်းကိုယ်စားလှယ်တစ်ဦးအနေနဲ့ မဲဆွယ်စည်းရုံးရေး အတွေ့အကြုံနဲ့ ပတ်သက်ပြီးလည်း ဦးစောသူရအောင်က “ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကတော့ ပိုပြီး ထူးပြီးခက်ခဲတာတော့ မရှိပါဘူး။ သွားရေးလာရေးကတော့ မသန်စွမ်းသူရော။ သန်စွမ်းသူရော ဆိုင်ကယ်နဲ့ ကားနဲ့ ဒါနဲ့ပဲသွားရတာ ခြေကျင် လျှောက်သင့်တဲ့ နေရာလည်း လျှောက်ရတာပဲ၊ လှေနဲ့ သွားတဲ့အခါလည်းသွားရတာပဲ။ ကျနော့်မဲဆန္ဒနယ်ဆိုရင် အင်းတွေလည်းပါတယ်၊ တောင်ခြေလည်းမှာလည်းရှိတယ်လေ၊ ဒီလိုပဲသွားရလာရတာပါပဲ။ မဲဆန္ဒရှင်တွေကတော့ မသန်စွမ်းရယ်သန်စွမ်းရယ်လို့ မမြင်ဘူး။ သူတို့ကတော့ သူတို့ရဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ခိုင်းစရာရှိတာ ခိုင်းမှာပဲ ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်မှာ မသန်စွမ်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးရှိခဲ့ဖူးပြီး  ၂၀၁၅ ရွေးကောက်ပွဲမှာတော့  ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှာ မသန်စွမ်းကိုယ်စားလှယ်လောင်းတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းသူတွေရဲ့ တကယ့်လိုအပ်ချက်ကို ထုတ်ဖော်ပြောနိုင်ဖို့ လွှတ်တော်ထဲမှာ မသန်စွမ်းလွှတ်တော်အမတ်တွေရှိဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းက ပြောပါတယ်။ 

“လွှတ်တော်တွေထဲမှာ မသန်စွမ်း ကိုယ်စားလှယ်ပါခြင်းအားဖြင့် မသန်စွမ်းသူတွေရဲ့ တကယ့်လိုအပ်ချက်ကိုသူတို့ကိုယ်တိုင် ထုတ်ဖော်ပြောနိုင်သလို တခြားကိုယ်စားလှယ်တွေကိုလည်း ထုတ်ဖော်ပြောဖို့ ရှင်းလင်းတင်ပြ advocacy လုပ်လို့ ရမှာဖြစ်တယ်။ ဒါ့ကြောင့် လွှတ်တော်ထဲမှာ အရွေးချယ်ခံပုဂ္ဂိုလ် မသန်စွမ်း ကိုယ်စားလှယ်တွေပါဖို့ တိုင်းဒေသကြီးလွှတ်တော်မှာပါမယ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်မှာ အားလုံးပါဖို့အတွက် ကျနော်တို့ လိုလားတာပေါ့။ ဖြစ်စေချင်တယ်။ နိုင်ငံတကာမှာလည်းရှိတယ်၊ ကျနော်တို့ တိုင်းပြည်မှာလည်း ရှိကို ရှိရမှာပေါ့” 

မြန်မာနိုင်ငံမှာ ပြည်ထောင်စုလွှတ်တော်မှာရော ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်တွေမှာပါ မသန်စွမ်းကိုယ်စားလှယ်တွေ ပါဝင်မှု  အလွန်နည်းပါးနေသေးပြီး ရွေးကောက်ပွဲမှာ မသန်စွမ်းကိုယ်စားလှယ်တွေ  ပိုမိုပါဝင်လာအောင် စွမ်းရည်မြှင့်တင်ပေးဖို့ လိုသလို နိုင်ငံရေးပါတီတွေအနေနဲ့လည်း မူဝါဒတွေချမှတ်ဖို့ လိုအပ်နေတာပါ။

“မသန်စွမ်းတွေပိုများလာဖို့ဆိုတာ ကိုယ့်ဘက်ကတည်း အရေးအသွေးမြှင့်ဖို့ လိုတယ် နောက်ပြီးကျတော့ နောက်ပြီးတော့ မူဝါဒတွေပေါ့ လူငယ် ဦးစားပေးမယ်၊ အမျိုးသမီး ဦးစားပေးမယ်၊ တိုင်းရင်းသားဦးစားပေးမယ်လို့ပြောတယ် ဒါပေမဲ့ မသန်စွမ်း ဦးစားပေးမယ်လို့ မပါဘူး၊ အဲဒါမျိုးမူဝါဒတွေချပေးရင်တော့ မသန်စွမ်းတွေ ပိုများလာမှာပေါ့”လို့ ဦးမြတ်သူဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးအပြည့်အဝရရှိဖို့  ဥပဒေတွေပြင်ဆင်ပေးဖို့ လိုအပ်နေသလို အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်နဲ့ ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍ အသီးသီးမှာ ဥပဒေအရ အကာအကွယ်ပေးဖို့ လိုအပ်နေတာပါ။ 

လက်ရှိလွှတ်တော်သက်တမ်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂(က) နဲ့ (ခ) ပါ “မသန်မစွမ်း”ဆိုတဲ့  စကားရပ်အစား “မသန်စွမ်း” ဆိုတဲ့ စကားရပ်နဲ့ အစားထိုး ပြင်ဆင်ဖို့ပြီးခဲ့တဲ့ မေလမှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ထောက်ခံမှုနဲ့ သဘောတူဆုံးဖြတ်နိုင်ခဲ့ပါတယ်၊

ဒါပေမဲ့ တကယ်တမ်း ဒီစကားရပ်လေးတခုကိုတောင် ပြင်ဆင်နိုင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဆက်လက်လုပ်ဆောင်ရဦးမှာဖြစ်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူဖို့ ကိစ္စကလည်း  ဆိုင်းငံ့ထားလို့ အကောင်အထည်ပေါ်မလာသေးပါဘူး။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးခွင့်ရှိသူဦးရေ ၃၇ သန်းကျော်ရှိတဲ့ အထဲမှာ မသန်စွမ်းဦးရေ ၇၇၀၀၀  ကျော်ပါဝင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောထားပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့်ရှိတဲ့ မသန်စွမ်းဦးရေဟာ  ကချင်မှာ ၁၅၀၀ ကျော်၊ ကယားမှာ ၅၀၀ ကျော်၊ ကရင်မှာ ၁၀၀၀ ကျော်၊ ချင်းမှာ ၂၅၀၀ ကျော်၊ စစ်ကိုင်းမှာ ၉၀၀၀ ကျော်နဲ့ တနင်္သာရီမှာ ၂၀၀၀ ကျော်ရှိပါတယ်။

ဒါ့အပြင် ပဲခူးမှာ ၁၀၀၀၀ ကျော်၊ မကွေးမှာ ၅၀၀၀ ကျော်၊ ရန်ကုန်မှာ ၁၆၀၀၀ ကျော်၊ မန္တလေးမှာ ၆၀၀၀ ကျော်၊ ပြည်ထောင်စုနယ်မြေမှာ ၁၀၀၀ ကျော်၊ မွန် ရခိုင်နဲ့ ရှမ်းမှာ ၃၀၀၀ ကျော် စီနဲ့  ဧရာဝတီတိုင်းဒေသကြီးမှာတော့ ၇၀၀၀ ကျော်ရှိတယ်လို့  ရွေးကောက်ပွဲ ကော်မရှင်ကနေ သိရပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မသန်စွမ်းလွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပိုမိုပါဝင်ဖို့ လိုအပ်နေသလို မသန်စွမ်း မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေဖို့ အတွက်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013