DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
မြိုင် အနောက်တောင်ခြမ်းနှင့် ပေါက်နယ်အစပ်ဒေသကို စစ်တပ်က အင်အားသုံးစစ်ကြောင်းထိုးနေ
သုတချမ်းသာ
·
July 6, 2026
မေ ၂၃ ရက်က သရက်ကန်ပျူရွာကို သိမ်းယူခဲ့စဉ်။ (Photo : မြိုင်ပကဖ)
မေ ၂၃ ရက်က သရက်ကန်ပျူရွာကို သိမ်းယူခဲ့စဉ်။ (Photo : မြိုင်ပကဖ)
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် အနောက်တောင်ခြမ်းနဲ့ ပေါက်နယ်အစပ်ဒေသကို စစ်အာဏာရှင်တပ်က အင်အားသုံးစစ်ကြောင်းထိုးနေပြီး ဒေသကာကွယ်ရေးအဖွဲ့တွေ သိမ်းယူထားတဲ့ နေရာတွေကို ပြန်ရဖို့ ဖိအားပေးနေပါတယ်။ 

မြိုင်နယ်အရှေ့ခြမ်း၊ ကန်နီပျူရွာကို စစ်ကောင်စီက လေကြောင်းကနေ ထောက်ပို့လုပ်ငန်းတွေ ဆက်တိုက်ပြုလုပ်နေသလို ပေါက်နယ်ထဲက ကပစတွေနဲ့ လက်ကျန်ပျူစောထီးရွာတွေကိုလည်း အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လတ်တလောမှာ စစ်တပ်ရဲ့ ဖိအားပေးတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။ 

မြိုင်နယ်ဒေသခံတယောက်က “လေကြောင်းကတော့ ဟိုတနေ့က ရင်း (၆) တပ်ရေးဗိုလ်ကတော့ ပြောတယ်၊ မြိုင်နယ်တော့ နည်းနည်းဂရုစိုက်ဦးပေါ့တဲ့။ မြိုင်နဲ့ ပေါက်နဲ့ကြားမှာပဲ ဖြစ်ဖို့ရာများမှာ၊ ဘာဖြစ်လို့လဲဆိုရင် ထောက်ရှာပင်ဘက်တို့၊ သူက အဲဒီမှာ ကပစများရှိလား မသိဘူး၊ ကန်နီကတော့ မကြာမကြာရိက္ခာလာလာချတယ်” လို့ ပြောပါတယ်။

မြိုင်နဲ့ပေါက်နယ်အစပ်ကို စစ်တပ်က ဖိအားပေးလာတာနဲ့တပြိုင်တည်းမှာ ပခုက္ကူခရိုင်မှာ စစ်ရေးစွမ်းရည်မြှင့်တင်ဖို့ စစ်ကြောင်းသစ် ၂ ခု ထပ်မံဖွဲ့စည်းကြောင်း ကြားကာ လမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၃ ရက်နေ့မှာ ကြေညာထားပါတယ်။ 

မူလက ဖွဲ့စည်းထားတဲ့ စစ်ကြောင်း ၄ ခုနဲ့ပေါင်းရင် မကွေးဖက်ဒရယ်ယူနစ်မှာ စုစုပေါင်း စစ်ကြောင်း ၆ ခုအထိ ရှိလာတာပါ။ အသစ်ထပ်တိုးတဲ့ စစ်ကြောင်း ၂ ခုဟာ ပေါက်နဲ့မြိုင်နယ်တွေကို အခြေစိုက်ထားတာဖြစ်ပြီး စစ်ရေးစွမ်းရည်မြှင့်ဖို့နဲ့ စစ်အာဏာရှင်တပ်ရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

မကွေးဖက်ဒရယ်ယူနစ်အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကို စီမံကွပ်ကဲပြီး စစ်တပ်ရဲ့ ခြေလှမ်းတွေကို တုံ့ပြန်နိုင်ဖို့အတွက် ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပါဝင်ကြဖို့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရက မေ ၂၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ 

ယူနစ်အစိုးရ ကွပ်ကဲမှုမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ပြီးနောက် ဒေသတွင်းမှာ မြင်သာတဲ့ စစ်ရေးအသာစီးယူတာတွေ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မကွေးဒေသခံနိုင်ငံရေးသမားတယောက်က “အဓိကကတော့ ခရိုင်ညှိနှိုင်းကွပ်ကဲရေးနဲ့ မြေပြင်ပကဖတွေနဲ့ အဆင်မပြေတာတွေလည်း တွေ့ရတယ်။ မြေပြင် ပကဖတွေနဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ အဆင်မပြေတာတွေ၊ အဖုအထစ်ကလေးတွေ ဖြစ်တာလည်း နေရာတော်တော်များများမှာ တွေ့ရတယ်ပေါ့။ ဒါပေမဲ့ ကြီးကြီးမားမားကြီးတော့ ပေါက်နဲ့ မြိုင်နယ်မှာတော့ မရှိပါဘူး၊ ပူးပေါင်းပြီးတော့မှ ဆောင်ရွက်နိုင်လို့ ရပါတယ်။ လက်ရှိ အနေအထားအတိုင်းကို စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ဒေသတွင်းမှာရှိတဲ့ MOD အောက်က တပ်ရင်းတပ်ဖွဲ့တွေရော၊ ကျန်တဲ့ MOD အောက်မှာမရှိတဲ့ Local တွေရော လောလောဆယ်မှာ ပူးပေါင်းပြီးမှ တိုက်တဲ့အတွက် ဒီလိုအောင်မြင်မှုရတယ်ဆိုတာ မျက်ဝါးထင်ထင် တွေ့ရတဲ့အတွက် ဘယ်သူ ဦးဆောင်သည်ဖြစ်ပါစေ စကစ အမြစ်ပြတ်ရေးအတွက်ကို ပူးပေါင်းပြီးမှ ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင် အောင်မြင်မှုက အချိန်အတိုင်းအတာတခုအတွင်းမှာ အမြန်ရရှိတော့မယ်လို့တော့ သုံးသပ်လို့ရပါတယ်” လို့ ပြောပါတယ်။

ပခုက္ကူခရိုင်ထဲက စစ်အာဏာရှင် စစ်ကြောင်းတွေ၊ စခန်းတွေနဲ့ ပျူစောထီးရွာတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက မေလကုန်ပိုင်းကစပြီး ဖိအားပေးတိုက်ခိုက်ခဲ့တာပါ။ 

မေ ၂၃ ရက်မှာ မြိုင်နယ်၊ သရက်ကန်ပျူစောထီးရွာကို ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီး ဇွန်လ ၄ ရက်နေ့မှာ ပေါက်နယ်၊ ကုက္ကိုစုပျူရွာနဲ့ ပေါက်နယ်၊ ရေပြာရဲစခန်းကိုပါ ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်းမှာ ပခုက္ကူခရိုင်ထဲက ပေါက်၊ မြိုင်၊ ရေစကြို၊ ဆိပ်ဖြူ၊ ပခုက္ကူမြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ 

ဇွန် ၂၃ ရက်နေ့မှာ စစ်အာဏာရှင်ရဲ့ Mi-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၁ စီးကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့အထိ တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးယူထားတာပါ။ 

စစ်အာဏာရှင်တပ်က မကွေးတိုင်းကနေတဆင့် ချင်းပြည်ဘက်ကို အင်အားသုံးထိုးစစ်ဆင်ဖို့ ကြိုးစားတာကို ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာကနေတဆင့် တစတစ အသာစီးယူနိုင်တဲ့အခြေအနေ ပိုကောင်းလာတာဖြစ်ပါတယ်။ 

မကွေးဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေကို အာရက္ခတပ်တော် (AA) က ဗျူဟာရေးရာ ပံ့ပိုးမှုတွေရှိခဲ့ပြီး မကွေးဒေသတွင်း တိုက်ပွဲအရှိန်တွေအရ ချင်းပြည်ဘက်ကို အင်အားသုံးဖို့ ကြိုးစားတဲ့ စစ်အာဏာရှင်တပ်တွေကို အတိုင်းအတာတခုအထိ ဖိအားပြန်ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ 

မကွေးတိုင်း၊ ပခုက္ကူခရိုင်ဟာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့အတွက် စစ်အာဏာရှင်တပ်က အဆောတလျင် နယ်မြေထိန်းချုပ်နိုင်ဖို့ အလိုရှိနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013