
ထိုင်းလွှတ်တော်အမတ်ကို လုပ်ကြံပစ်ခတ်ရာမှာပါဝင်ခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ်ဘက်မှာ တိမ်းရှောင်နေတဲ့ ထိုင်းရေတပ်အရာရှိဟောင်းတယောက်ကို ဘုရားသုံးဆူ နယ်စပ်မှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့ (DKBA) ရဲ့ အကူအညီနဲ့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ Bangkok Post သတင်းစာမှာ ဧပြီ ၂၂ ရက်က ဖော်ပြပါတယ်။
အဆိုပါ သံသယရှိသူဟာ ထိုင်းရေတပ် ကင်းထောက်အရာရှိဟောင်း ဝီရို့ကတ်မန်နီး ဖြစ်ပြီး သူ့ကို ထိုင်း-မြန်မာနယ်စပ် မွန်ပြည်နယ်၊ ဘုရားသုံးဆူနဲ့ ကပ်နေတဲ့ ကန်ချနဘူရီခရိုင်၊ ဆန်ခလာဘူရီမြို့နယ်ထဲက ဟုတ်ဖန်ရိုင်းသဘာဝနယ်စပ်ဝင်ပေါက်မှာ မနေ့က ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
သူ့ကို ဖမ်းဆီးရမိတဲ့နေရာနဲ့ ကီလိုမီတာ ၁၀၀၀ ကျော်ဝေးတဲ့ ထိုင်းတောင်ပိုင်း၊ ဘာချိုမြို့နယ်ထဲမှာ ပရာချာချတ်ပါတီမှ နရာသီဝပ်လွှတ်တော်အမတ် ခမွန်ဆက်လီဝါမိုးကို မတ် ၂၀ ရက်က ပစ်ခတ်မှုနဲ့ ပတ်သက်ပြီးတော့ အလိုရှိနေတဲ့ ၅ ယောက်မြောက်နဲ့ နောက်ဆုံးသံသယရှိသူဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လုံခြုံရေးသတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဘုရားသုံးဆူနယ်စပ်မှာ လာဒယာ အထူးတပ်ဖွဲ့၊ အမှတ် (၂၉) ခြေလျင်တပ်ရင်းနဲ့ ဒေသခံရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တဲ့ စစ်ဆင်ရေးအတွင်းမှာ ဝီရို့ဟာ နယ်စပ်မြန်မာဘက်ခြမ်း ဘော်ဂျပန်ရွာမှာ ရှိနေကြောင်း DKBA ဘက်က သတင်းအချက်အလက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ DKBA တပ်ဖွဲ့ဝင်တွေက သံသယရှိသူကို ဖမ်းဆီးခဲ့ပြီး နယ်စပ်ဖြတ်ကျော် လွှဲပြောင်းပေးဖို့အတွက် ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဝီရို့ကို ထိုင်းဘက်လွှဲပြောင်းပေးခဲ့ပြီးနောက် အသေးစိတ် စုံစမ်းစစ်ဆေး မေးမြန်းမှုတွေ ဆက်လုပ်ဖို့ ဘန်ကောက်ကို ခေါ်ဆောင်သွားပြီဖြစ်ပြီး စုံစမ်းစစ်ဆေးသူတွေက တိုက်ခိုက်မှု နောက်ကွယ်က အကြောင်းရင်းကို ဖော်ထုတ်ဖို့နဲ့ ပါဝင်ပတ်သက်နိုင်တဲ့ တခြားသူတွေကို ဖော်ထုတ်ဖို့ပါ အဓိကထား လုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းတောင်ပိုင်းမှာ သူပုန်ထမှုကြောင့် ထိခိုက်ခံစားရသူတွေ၊ အာဏာပိုင်တွေရဲ့ မတရားဆက်ဆံမှု ခံရသူတွေဘက်က ရပ်တည်ပေးသူအဖြစ် လူသိများတဲ့ လွှတ်တော်အမတ် ခမွန်ဆက်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုမှာ ပါဝင်တဲ့ သံသယရှိသူ ၄ ယောက်ကို ဒီမတိုင်ခင်က ဖမ်းဆီးရမိထားပြီး ဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်းမှာတော့ လွှတ်တော်အမတ်ဟာ ထိခိုက်ဒဏ်ရာရရှိမှု တစုံတရာ မရှိဘဲ လွတ်မြောက်ခဲ့ပေမဲ့ သူ့ရဲ့ ယာဉ်မောင်းနဲ့ လိုက်ပါစောင့်ရှောက်တဲ့ ရဲအရာရှိတယောက်ကတော့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြတာပါ။
တိုက်ခိုက်သူတွေဟာ ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးဌာန (Isoc) ပိုင် ယာဉ်တစီး ကို အသုံးပြုခဲ့ပြီး အဲဒီယာဉ်ကို အခင်းဖြစ်ပွားပြီးနောက် ချက်ချင်းဆိုသလို ဖျက်ဆီးခဲ့ကြောင်း စုံစမ်းစစ်ဆေးသူတွေက အတည်ပြုထားကြပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်ရဲ့ နိုင်ငံရေးလက်တံလို့ တခါတရံ ခေါ်ဆိုလေ့ရှိတဲ့ Isoc ဟာ ထိုင်းတောင်ပိုင်းမှာ အင်အားအများအပြားရှိပြီး တပ်ဖွဲ့ဝင် ၆၀,၀၀၀ နီးပါးရှိကာ အများစုမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ကနေ ပြောင်းရွှေ့တာဝန်ပေးထားသူတွေ ဖြစ်ကြပါတယ်။










