DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် သင်္ကြန်ကာလ ငွေသားရှားပါးသဖြင့် ငွေထုတ်ခ အဆမတန် မြင့်တက်
ကေခိုင်
·
April 9, 2026
  Photo : DVB
Photo : DVB
Donate to DVB

ရခိုင်ပြည်နယ်မှာ သင်္ကြန်ကာလ ငွေသားရှားပါးမှုကြောင့် ငွေထုတ်ဝန်ဆောင်ခ ဈေးနှုန်းတွေဟာ ၁ သိန်းကို ၄,၅၀၀ ကျပ်အထိ မြင့်တက်နေပါတယ်။ 

ကုန်စည်စီးဆင်းမှု ရပ်တန့်တာနဲ့ ဆက်သွယ်ရေးလိုင်း ခက်ခဲမှုတွေကြောင့် အခုလို ငွေထုတ်ခတွေ အဆမတန် ပေးနေရတဲ့အတွက် ရခိုင်က ဒေသခံတွေ အခက်အခဲ ဖြစ်နေကြပါတယ်။ 

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်က ဒေသတွေမှာ သင်္ကြန်ကာလ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတာနဲ့အတူ ငွေသားရှားပါးမှု ပြဿနာကြောင့် ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်ခ ဈေးနှုန်းတွေဟာ အရင်ကထက် အဆမတန် မြင့်တက်လာပြီး ဒေသခံပြည်သူတွေ ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

အရင်က ငွေကျပ် ၁ သိန်းကို ဝန်ဆောင်ခ ၁,၀၀၀၊ ၁,၅၀၀ ကျပ်သာ ရှိခဲ့ပေမဲ့ အခုဆိုရင်တော့ မြို့နယ်အလိုက် ၄,၅၀၀ ကနေ ၅,၀၀၀ ကျပ်အထိ ပေးနေရတယ်လို့ ငွေလွှဲငွေထုတ် လုပ်ငန်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

သင်္ကြန်ကာလအတွင်း ရခိုင်က ကုန်သည်တွေ ကုန်မချတော့တဲ့အတွက် ငွေသားလာသွင်းသူ မရှိတော့ဘဲ ငွေသားစီးဆင်းမှု ရပ်တန့်သွားတာလို့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

"ဒီလထဲမှာ ဘာဖြစ်လို့ ဈေးတွေ တက်သွားတာလဲဆိုတော့ သင်္ကြန်ကာလဖြစ်နေလို့ပါ။ ကုန်သည်တွေကလည်း ပိုက်ဆံတွေ လာမသွင်းကြတော့ဘူး၊ ငွေအဝင်မရှိတဲ့အခါကျတော့ ငွေသားရှားပါးလာပြီး ဈေးနှုန်းတွေ တက်သွားတာပါ။ ရခိုင်မှာက ငွေသားက အပြင်ကို ထွက်မသွားဘဲ ဒီထဲမှာပဲ ပတ်ချာလည်နေတာပါ။ ကုန်သည်တွေက ကျမတို့ဆီမှာ ငွေလာသွင်းတယ်၊ ကျမတို့က ငွေထုတ်မယ့်သူတွေကို ပြန်ထုတ်ပေးတယ်၊ ကုန်သည်တွေက ပစ္စည်းပြန်ရောင်းပြီး ပိုက်ဆံရလာရင် ကျမတို့ဆီ ပြန်သွင်းတယ်၊ ဒီလိုပဲ လည်ပတ်နေတာပါ။"

ဒါ့အပြင် ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ကတည်းက ဘဏ်စနစ်လည်ပတ်မှုတွေ ပျက်စီးခဲ့ရပြီး KBZ Pay, CB Pay စတဲ့ အွန်လိုင်းစနစ်ကိုသာ အားကိုးနေရပေမဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေလို့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေမှာ အခက်အခဲတွေ ရှိနေကြတာပါ။

အထူးသဖြင့် ဘဏ်လုပ်ငန်းသုံး MPT လိုင်းတွေ မရတော့တာကြောင့် ရန်ကုန်ကနေတဆင့် အကောင့်တွေကို ချိတ်ဆက်ပြီး ခက်ခဲစွာ လုပ်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေအနေနဲ့ အလုပ်အကိုင်ရှားပါးလို့ ပြည်ပကပို့တဲ့ ဝင်ငွေကိုသာ အဓိက မှီခိုနေရတာဖြစ်ပြီး လက်ရှိမှာ ငွေထုတ်ခ ကြီးမြင့်တာနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်တွေကြား စိန်ခေါ်မှုတွေ များစွာရှိနေပါတယ်။

မလေးရှားရောက် ရခိုင်ဒေသခံတယောက်က "ဒီကနေ ၁၀ သိန်း လွှဲလိုက်မယ်ဆိုရင် ဟိုမှာ ၄ သောင်းလောက်၊ အခုဆိုရင် တသိန်းကို ၄,၅၀၀ နဲ့ဆိုရင် ၄ သောင်းခွဲအထိ ဖြစ်သွားပါပြီ။ ၄ သောင်းခွဲဆိုတာလည်း နည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူးလေ။ နိုင်ငံခြားမှာ ရှိတဲ့သူတွေကို ရွာမှာရှိတဲ့ မှီခိုပြီးတော့ စားနေရတော့ အဆင်ပြေတဲ့သူတွေက တလကို သိန်း ၂၀ လောက် လွှဲကြသလို၊ အချို့ကလည်း ၁၀ သိန်းလောက် ပုံမှန်လွှဲပေးကြပါတယ်။ အခုလို ငွေထုတ်ခတွေ အဆမတန် တက်နေတာက သူတို့အတွက် တွက်ခြေမကိုက်သလို ဖြစ်တာပေါ့။ ပြီးရင် ဟိုဘက်မှာက ကုန်ဈေးနှုန်းတွေကလည်း တက်နေတော့ မိသားစုတွေအတွက် ပိုပြီး အဆင်မပြေဖြစ်ကြရတာပေါ့နော်။ အခုလို ငွေထုတ်ခဈေးတွေ အဆမတန် တက်သွားတာကြောင့် လူတွေမှာ ပိုပြီး ကျပ်တည်းကြတာပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာ ဒေသခံတွေကလည်း ငွေထုတ်ယူခ ကြီးမြင့်မှုတွေကြောင့် စားဝတ်နေရေး ခက်ခဲမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင်္ကြန်ကာလအပြီး ကုန်စည်စီးဆင်းမှု ပြန်လည်ပတ်လာရင် ငွေလွှဲ ငွေထုတ်ဈေးနှုန်းတွေ ပြန်ကျလာဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။ 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013