
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းက အဝေးပြေးလမ်းမကြီးတခုမှာ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေဟာ ဧပြီ ၂၆ ရက်မှာ ၁၉ ယောက်အထိ မြင့်တက်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဗုံးခွဲမှုအတွက် အစိုးရက FARC ပြောက်ကျားအဖွဲ့ဟောင်းထဲက သဘောထားကွဲလွဲသူအဖွဲ့ကို အပြစ်တင်ခဲ့ပါတယ်။
ကာဂျီဘီယို မြူနီစီပယ်ဒေသက ပန်အမေရိကန် အဝေးပြေးလမ်းမကြီးပေါ်မှာဖြစ်တဲ့ ပေါက်ကွဲမှုကြောင့် အရွယ်မရောက်သေးသူ ၅ ယောက် အပါအဝင် လူ ၃၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ပိုပါယန်နဲ့ ကာလီမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ ယာဉ်အမြောက်အမြား ပျက်စီးခဲ့ပါတယ်။
သူပုန်တွေက အဝေးပြေးလမ်းမကြီးပေါ်မှာ တပ်ဆင်ထားတဲ့ အားကောင်းတဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတခုကို ဖောက်ခွဲခဲ့ပြီး ချိုင့်ဝှမ်းတခု ဖြစ်သွားခဲ့တယ်လို့ စစ်ဘက်နဲ့ ရဲအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာက ဗီဒီယိုထဲမှာ စက်ယန္တရားကြီးတွေက အပျက်အစီးတွေနဲ့ ပျက်စီးနေတဲ့ ယာဉ်တွေကို ရှင်းလင်းနေတာကို ပြသထားပြီး ကြည့်ရှုသူတွေနဲ့ အရေးပေါ်ဝန်ထမ်းတွေက ချိုင့်ဝှမ်းတဝိုက်မှာ စုဝေးနေကြတာကို တွေ့ရပါတယ်။
ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး ပေဒရို ဆန်းချက်ဇ်က FARC သူပုန်အဖွဲ့ထဲက ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းပယ်ခဲ့တဲ့ သဘောထားကွဲလွဲသူ အဖွဲ့တခုဖြစ်တဲ့ အက်စ်တာဒို မေယာ စန်ထရယ်ကို အပြစ်တင်ခဲ့ပါတယ်။
သမ္မတရွေးကောက်ပွဲမတိုင်မီ သီတင်းပတ် အနည်းငယ်အလိုမှာ တိုက်ခိုက်မှုဖြစ်ခဲ့တာပါ။
သောကြာနေ့နဲ့ စနေနေ့အတွင်း ကာလီနဲ့ ပါမီရာမြို့တွေက စစ်ဘက်အဆောက်အအုံတွေကို ကားဗုံးခွဲ တိုက်ခိုက်မှု ၂ ခု အပါအဝင် ကောင်ကာနဲ့ ဗယ်လီဒေသတွေမှာ တိုက်ပွဲ ၂၆ ခု ဖြစ်ပွားခဲ့ပါတယ်။
ကောင်ကာပြည်နယ်ဟာ ကိုကင်းထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုအတွက် မဟာဗျူဟာကျတဲ့ ဒေသဖြစ်တဲ့အပြင် တရားမဝင် ရွှေတူးဖော်တာတွေလည်း ရှိပြီး လက်နက်ကိုင်အဖွဲ့တွေအတွက် အဓိကရန်ပုံငွေရင်းမြစ်တွေလည်း ဖြစ်ပါတယ်။
Source: Reuters











