တရားမဝင်ပြန်လာသည့် မြန်မာနိုင်ငံသား ၆ ဦး ကော့သောင်းတွင်ဖမ်းမိ
DVB
·
July 21, 2020
ထိုင်းနိုင်ငံဘက်ကနေ တရားမဝင် ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို ဇူလိုင် ၁၉ ရက်နေ့ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ကော့သောင်းရေကြောင်းရဲတပ်ဖွဲ့ထံက သိရပါတယ်။
ကော့သောင်း-ရနောင်း နယ်စပ် ရေပိုက်နက်တလျှောက်မှာ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း တရားမဝင် လူမှောင်ခိုလှေတွေ ဝင်ရောက်လာမှုမရှိအောင် ရေကြောင်းရဲ တပ်ဖွဲ့ဝင်ရေယာဉ်တွေကို ဧရိယာ သတ်မှတ် တာဝန်ပေးအပ်ထားပါတယ်။
အခု ဖြစ်စဉ်ကတော့ တပ်ဖွဲ့ဝင်ရေယာဉ် ၀၁၆ မှ နွားကြီးကျွန်း၊ ရတနာကျွန်းတဝိုက် ကင်းလှည့်ရာမှ ညအချိန် မသင်္ကာဖွယ် လှေတစီးကို တွေ့ရှိခေါ်ယူစစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့တာလို့ ကော့သောင်းရေကြောင်းရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲမှူး ရဲမင်းထက်က ပြောပါတယ်။
တရားမဝင်ဝင်ရောက်လာသူတွေကို မေးမြန်းရာမှာ တဘက်နိုင်ငံ ဟင်းချန်ရွာမှပဲ့ချိတ် လှေ ၁ စီးကို ဘတ် ၅၀၀၀ နဲ့ ငှားရမ်းထွက်ခွာလာပြီး မြန်မာနိုင်ငံ ရတနာကျွန်းနားအရောက်မှာ ငါးမျှားနေတဲ့လှေတစီးကို အကူအညီတောင်းပြီး ကမ်းကိုပို့ခိုင်းရာမှ ရေကြောင်းလှည့်ကင်းနဲ့ တိုးမိတာဖြစ်ပါတယ်။
အခုဝင်ရောက်လာတဲ့ ၆ ဦးလုံးကို မဉ္ဇူသက ခန်းမမှာ ဖွင့်လှစ်ထားတဲ့Quarantine Center မှာ ထားရှိပြီး တို့ဖတ်နမူနာရယူကာ စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
သတင်း- လတ်ကိုကိုဦး