
တရုတ်နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသမှာ မေ ၁၉ ရက်က မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်း ခဲ့တာကြောင့် လူပေါင်း ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး ကျောင်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ ပိတ်ထားရသလို လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး ပေးဝေမှုတွေပါ ပြတ်တောက် ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကျန်းရှီး၊ အန်းဟွီး၊ ဟူနန်၊ ဟူဘေး၊ ကွီကျိုး၊ ကွမ်ရှီး၊ ကွမ်တုံးနဲ့ ဟိုင်နန်ဒေသတွေမှာ မိုးကြောင့်ဖြစ်တဲ့ မြေပြိုတာ၊ လျှပ်တပြက် ရေကြီးတာနဲ့ မြို့ပြ ရေကြီးရေလျှံတာလိုမျိုး ဘေးအန္တရာယ်တွေ ကြုံရနိုင်ခြေ အလွန်မြင့်မားနေတယ်လို့ တရုတ်မိုးလေဝသဌာနက ပြောပါတယ်။
နိုင်ငံပိုင် CCTV သတင်းဌာနရဲ့ ရုပ်သံဖိုင်တွေမှာတော့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတာ၊ လမ်းတွေ ပြိုကျပျက်စီးနေတာနဲ့ အပျက်အစီး တွေကို ရှင်းလင်းဖို့ စစ်တပ်ကို စေလွှတ်ထားရတာတွေကို ပြသထားပါတယ်။
သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ယွမ်ငွေ သန်း ၁၅၀ (အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၀၄ သန်း) ချထားပေးပြီး ဘေးဒဏ်သင့်ဒေသ အတော်များများမှာ အရေးပေါ်တုံ့ပြန်မှုတွေ စတင် လုပ်ဆောင်နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
အခုလို ကီလိုမီတာ ၁,၀၀၀ (မိုင် ၆၂၀ ကျော်) အထိ ကျယ်ကျယ်ပြန့်ပြန့် မိုးသည်းထန်စွာ ရွာသွန်းရ တာဟာ ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာတို့ကနေ ရေငွေ့ အမြောက်အမြား တိုက်ရိုက်ဆုံတွေ့ခဲ့တာကြောင့် ဖြစ်တယ်လို့ တရုတ်မိုးလေဝသပညာရှင်တွေက ပြောပါတယ်။
ဒါ့အပြင် ရာသီဥတုစနစ်ရဲ့ နှေးကွေးတဲ့ သဘောသဘာဝကြောင့် မိုးရေချိန်ပမာဏ ပိုများလာရတာ လို့လည်း ဆိုပါတယ်။
လာမဲ့ ၂ ရက်အတွင်းမှာ အဲဒီမိုးသက်မုန်တိုင်းဟာ တရုတ်နိုင်ငံအရှေ့ဘက်နဲ့ တောင်ဘက်ဆီကို တဖြည်းဖြည်း ရွေ့လျားသွားမယ်လို့ တရုတ်အမျိုးသားမိုးလေဝသစင်တာက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ကစပြီး ယန်စီမြစ်ရဲ့ အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေမှာ မိုးအသည်းထန်ဆုံး ရွာသွန်းနိုင်ခြေ ရှိနေပါတယ်။
Source:Reuters











