DVB Logo
Home
မြန်မာသတင်း
သစ်တောမြေပုံ နှစ်ခု ကွဲလွဲပြီး ကြိုးဝိုင်းအတွင်းပါနေသဖြင့် ကံဗျူးရွာသားများ စိုးရိမ်နေ
DVB
·
July 18, 2020
သစ်တောမြေပုံ နှစ်ခု ကွဲလွဲပြီး ကြိုးဝိုင်းအတွင်းပါနေသဖြင့် ကံဗျူးရွာသားများ စိုးရိမ်နေ
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ နှစ်ပေါင်း ၆၀ ကျော် တည်ရှိခဲ့တဲ့  ကံဗျူးကျေးရွာဟာ သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ပါဝင်နေတယ်ဆိုပြီး  သစ်တောဦးစီးဌာနရဲ့ ယခင်မြေပုံနဲ့ လက်ရှိမြေပုံကွဲလွဲနေတဲ့အတွက် ဒေသခံ ကျေးရွာသားတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

လွန်ကောင်းအုပ်စု၊ အမှတ်(၃) နယ်မြေမှာရှိတဲ့ ကံဗျူးကျေးရွာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းက တည်ရှိတာဖြစ်ပြီး အိမ်ခြေ ၁၀၀ ကျော်နဲ့ လူဦးရေ ၄၀၀ ကျော်ရှိကာ တောင်ယာ၊ မွေးမြူရေးအလုပ်ကို လုပ်ကိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

တရားဝင်ကျေးရွာ အမည်မပေါက်တဲ့အတွက် ကျေးရွာအနေနဲ့ ဖွံ့ဖြိုးမှု မရှိတော့ဘဲ လူ့အခွင့်အရေးအရ နစ်နာဆုံးရှုံးမှုတွေ အများအပြားရှိလာတယ်လို့ ကံဗျူးကျေးရွာသား ဦးအောင်ကျော်စိုးက ပြောပါတယ်။

“ကြိုးဝိုင်းထဲကို ဝင်သွားတဲ့အခါမှာ ကျနော်တို့က လုပ်ကိုင်စားသောက်ခွင့်ကို တင်းပြည့်ကျပ်ပြည့် လုပ်ခွင့်မရဘူး၊ စားလို့သောက်လို့ မရဘူးပေါ့ဗျာ။ ရွာတွေက စိုက်ပျိုးရေး ဆိုတဲ့ နေရာမှာလည်း ဒီနေရာက ကြိုးဝိုင်း၊ ဟိုနေရာက ကြိုးဝိုင်းဆိုတဲ့ စကားလုံးတွေနဲ့ ကျနော်တို့ကို ချည်တုပ်ထားတဲ့ခါကျတော့ သွားမှုလာမှုဆိုတဲ့နေရာမှာလည်း ခက်ခဲစွာ တွေ့ကြုံရတယ်ဗျ။ ဒီနေရာဟာ သစ်တောကြိုးဝိုင်းဖြစ်တဲ့အတွက် သွားလာမှုကိုပိတ်ပင်တယ်၊ နောက်တခုက ကျနော်တို့ရွာကို တရားဝင်ကျေးရွာအဖြစ် လျှောက်တဲ့နေရာမှာလည်းပဲ အခိုက်အတန့်ဖြစ်စေတယ်။ မီးတွေလင်းပေးမယ်ပြောပြီး မီးတိုင်တွေတူးတယ်၊ ဓာတ်တိုင်တွေ ချပေးတယ်၊ ချပေးပြီးတော့ ကြိုးဝိုင်းထဲမှာပါနေတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်ပြီး သိမ်းသွားခြင်းကလည်း ကျနော်တို့ရဲ့ လူ့အခွင့်အရေး ဆုံးရှုံးတယ်လို့ ယူဆပါတယ်။” 

အဆိုပါ ကျေးရွာမှာ ရှေးဟောင်းစေတီပုထိုးတွေ၊ ဘုန်းတော်ကြီးကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ အစိုးရ မူလတန်းလွန်ကျောင်း စတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အခုအချိန်မှာတော့ သစ်တောကြိုးဝိုင်းအတွင်း ပါဝင်နေတာ၊ ရဲရွာရေအားလျှပ်စစ်စက်ရုံရဲ့ လ/န ၃၉ ရရှိထားတဲ့ ဧရိယာအတွင်း ပါဝင်နေတာ၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေထဲ ပါဝင်နေတဲ့အတွက် ကျေးရွာမှာရှိတဲ့ မူလွန်ကျောင်းကို ဖျက်ကာ အခြားရွာကို ရွှေ့ပြောင်းခံခဲ့ရတာကြောင့် ကလေးတွေရဲ့ ပညာရေးမှာလည်း ထိခိုက်နစ်နာနေတယ်လို့ ကံဗျူးကျေးရွာသား ဦးအောင်သန်းဝင်းက ပြောပါတယ်။

“မနှစ်က ကျနော်တို့ ဘကကျောင်းကို အကူအညီတောင်းပြီး သိန်းငါးဆယ် အကုန်အကျခံပြီးတော့ ဆရာမငှားသင်ခဲ့ရတယ်၊ ဒီနှစ် ကျောင်းဘယ်ထားရမှန်း မသိဘူး၊ ကျောင်းသူ ကျောင်းသားတွေ ၆၀ ကျော်ရှိတယ်။ ဟိုးတုန်းက ရွာမှာ ကံဗျူး မူလွန်ကျောင်းဆိုပြီး နိုင်ငံတော် အစိုးရက ချပေးထားတယ်။ သူတို့က ရဲဝတီကို ဖျက်ပြီး ယူသွားခဲ့တဲ့အတွက် ကျနော်တို့ရွာမှာ ကျောင်းမရှိတော့ဘူး။ အဲဒါ ဘယ်သူက အမိန့်ပေးလို့ ဘယ်သူက ဖျက်တယ်ဆိုတာ မသိရဘူး။ ကျနော်တို့မှာ လုပ်ပိုင်ခွင့်တွေ အကုန်လုံး၊ လူ့အခွင့်အရေးတွေ အကုန်လုံးဆုံးရှုံးနေတယ်။ ပြီးတော့ သူတို့ လုပ်ချင်ရာလုပ်နေတယ်၊ သူတို့ပြောချင်ရာ ပြောပြီး ကျနော်တို့ တခုခုလုပ်မယ်ဆိုရင် သူတို့က ပုဒ်မ ၁၄၄ ဆိုတာကြီး လာပြီးကပ်ထားတဲ့အဆင့်ထိကို ရှိတယ်” လို့ ပြောပါတယ်။

ကံဗျူးကျေးရွာ အမည်ပေါက်နဲ့ မူလတန်းလွန်ကျောင်းရှိပေမယ့် အောက်ခြေမှာ အမှန်တကယ် ကျောင်းမရှိတာကြောင့် ကလေးတွေဟာ နှစ်မိုင်ခွဲခန့်ဝေးတဲ့ ကျေးရွာတရွာကို ခြေလျင်သွားရောက် ပညာသင်နေရတယ်လို့လည်း သိရပါတယ်။

၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့က ယခင် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် လာရောက်စဉ် တရားဝင်ကျေးရွာ အမည်ပေါက် အဖြစ်သတ်မှတ်ဖို့ နှုတ်မိန့်နဲ့ပြောကြားခဲ့ပေမယ့် အစိုးရအကူးအပြောင်းကာလဖြစ်တာကြောင့် နှောင့်နှေးကြန့်ကြာခဲ့တယ်လို့ သိရပါတယ်။ တရားဝင် ကျေးရွာ အမည်ပေါက်ရရှိဖို့ တာဝန်ရှိသူတွေထံ ဆက်လက်တင်ပြထားပေမယ့် အခုအချိန်ထိ ကျေးရွာအမည်ပေါက် မရသေးဘူးလို့လည်း သိရပါတယ်။

သစ်တောကြိုးဝိုင်းမြေပုံနှစ်ခု ကွဲလွဲနေတာကို အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြဖို့ရှိတယ်လို့ ‌ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောခိုင်ဦးက ပြောပါတယ်။

“‌ကျနော်တို့က ဆုံးဖြတ်လို့ မရဘူး။ ဘာလို့ဆို မြေပုံနဲ့ဆိုလည်း ကျနော်တို့ သစ်တောရုံးချုပ်ကနေပြီးတော့ အတည်ပြုထားတဲ့ မြေပုံတွေပေါ့။ အဲ့ဒီ မြေပုံမတိုင်ခင်က မြေပုံလည်း ရှိမှာပေါ့နော်။ အဲ့မြေပုံနှစ်ခုက ကွဲလွဲနေပါတယ်။ ဒီကွဲလွဲမှုတွေ ကျနော်တို့က အထက်အဆင့်ဆင့်ကို တင်ပြပြီး အတည်ပြုချက်ယူပြီးတော့မှ ဆောင်ရွက်ပါမယ်။ ကျနော်တို့ လတ်တလောတော့ ဘာမှဆုံးဖြတ်လို့ မရဘူး၊ ဘာမှလည်း အလွတ်သဘော ကျနော်တို့ လုပ်လို့မရဘူး။” 

မြေပုံနှစ်ခု ကွဲလွဲနေတဲ့အပေါ်မှာလည်း ပြန်လည် စစ်ဆေးမှာ ဖြစ်ပြီး ကျေးရွာသားတွေအနေနဲ့ အစိုးရိမ်မလွန်သင့်ဘူးလို့လည်း ဦးစောခိုင်ဦးက ပြောပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013